13 October 2012

စကုမြို့၊ ရန်ကြီးအောင်၊ ဇေယျာသီရိရပ်ကွက်များ ရေကြီးရေလျှံမှုဖြစ်ပွား

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ၊ ၁၃ ရက်

စကုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရန်ကြီးအောင်ရပ်၊ ဇေယျာသီရိရပ်များ၌ အောက်တိုဘာလ (၁၀)ရက်နေ့မှ (၁၃)ရက်နေ့အထိ စကုမြို့တောင်ဘက်မှ စီးဆင်းသော သမိုးချောင်း(သားမွေးချောင်း) ရေကြီးမှု ဖြစ်ပေါ် ခဲ့ရာ စကုမြို့၊ ရန်ကြီးအောင်ရပ်၊ ဇေယျာသီရိရပ်များ၌ လူနေအိမ်ခြေ(၁၀၀)ကျော်ခန့် ရေနစ်မြုပ်မှုဒဏ်ခံ စားနေရသည်။
စကုမြို့၊ ရန်ကြီးအောင်၊ ဇေယျာသီရိရပ်ကွက်တွင် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလက ရေကြီး ရေလျှံမှုဖြစ်ပေါ်နေစဉ်
စကုမြို့တွင် အမှတ်(၂)ရပ်ကွက်အတွင်းရှိ ရန်ကြီးအောင်၊ ဇေယျာသီရိရပ်ကွက်များမှာ စတည် ခဲ့သည် မှာ နှစ်ပေါင်း(၃၀)ခန့်ရှိပြီဖြစ်သည်။ နှစ်စဉ် မိုးရွာသွန်းမှုများသည့်အချိန်တိုင်း သမိုးချောင်း (သားမွေးချောင်း) ရေကြီးမှုကို နှစ်စဉ်နှစ်တိုင်း ရပ်ကွက်နေပြည်သူများခံစားနေရသည်မှာ  နှစ်ပေါင်း (၃၀)ခန့်ရှိပြီဖြစ်သည်။  ရေကြီးသည့်အခါ အတူနေမိသားစု၊ သားသမီးမရှိသည့် သက်ကြီးရွယ်အို များ သွားလာရေးခက်ခဲ၍ သေဆုံးခဲ့ရမှုများရှိခဲ့သည်။
စကုမြို့တောင်ဘက်၊ သမိုးချောင်း(သားမွေးချောင်း)ရေကြီးနေပုံ၊ ၂၀၁၂၊ အောက်တိုဘာလ
 မိမိမွေးဖွားချိန်မှ ယနေ့ထိ ရေကြီးရေလျှံမှု ဒဏ်ကိုနှစ်စဉ်နှစ်တိုင်း ခံစားခဲ့ရကြောင်း ၊  ရေကြီး ရေလျှံမှု   ဖြစ်ပွားသည့်အချိန်များတွင် ရေနှင့်အတူ မျောပါလာသော အဆိပ်ရှိသော မြွေဆိုးအန္တရာယ်များလည်း   တွေ့ကြုံခံစားကြရကြောင်း၊ ကလေးငယ်များ ရေနစ်မှုများ ကြုံတွေ့နေရကြောင်း ရန်ကြီးအောင် ရပ်ကွက်နေ  အသက် (၂၈)နှစ်ရှိ လူငယ် တစ်ဦးမှ ပြောကြားသည်။
စကုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရန်ကြီးအောင်ရပ်၊ ကွက်သစ်လမ်းတွင် ရေကြီးနေပုံ၊ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ

စကုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရန်ကြီးအောင်ရပ်တွင် ရေကြီးနေပုံ၊ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ

စကုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဇေယျာသီရိရပ်တွင် ရေကြီးနေပုံ၊ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ

စကုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဇေယျာသီရိရပ်တွင် ရေကြီးနေပုံ၊ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ
 ယခင် ၂၀၁၀ ခုနှစ် နှင့် ၂၀၁၁ ခုနှစ်များတွင် ရပ်ကွက်ရေကြီးရေလျှံမှုမှ ကာကွယ်ရန် ရေထုတ်မြောင်းတူး
စရိတ်အဖြစ် တစ်အိမ်လျှင် (၅၀၀)ကျပ်၊ (၁၀၀၀)ကျပ်နှုန်း ကောက်ခံ ခဲ့သော်လည်း ရပ်ကွက်နေ
ပြည်သူများမှာ ရေကြီးရေလျှံမှုဒဏ်ကို ခံစားနေရဆဲဖြစ်သည်။ ရန်ကြီးအောင်၊ ဇေယျာသီရိရပ်နေ အများပြည်သူများထံမှကောက်ခံ၍ ဆောင်ရွက်သောရေထုတ်မြောင်း သည် မန်းချောင်းအတွင်းသို့ စီးဝင်သောနေရာမှာ စကုမြို့၊ အ.ထ.ကကျောင်း နှင့် ခုနှစ်ဆူစေတီတော်တို့၏ မြေသားများ ပဲ့ကျခြင်းများဖြစ်ပေါ်၍ ရေထွက်ပေါက်ကို ပိတ်ဆို့ထားကြောင်းသိရသည်။

စကုမြို့၊ရန်ကြီးအောင်ရပ်ကွက်၊ ဇေယျာသီရိရပ်ကွက်နေပြည်သူများထံမှငွေကောက်ခံ၍တူးထားသောရေထုတ်မြောင်း၊
စကုမြို့၊ အ.ထ.ကကျောင်းအနီး ရန်ကြီးအောင်ရပ်ကွက်၊ ဇေယျာသီရိရပ်ကွက်နေပြည်သူများထံမှငွေကောက်ခံ၍တူးထားသောရေထုတ်မြောင်း
မိမိရွာမှ ရန်ကြီးအောင်ရပ်သို့ ပြောင်းရွေ့လာသည်မှာ (၂၆)နှစ်ခန့်ရှိရာ နှစ်တိုင်း ရေကြီးမှုဒဏ်ကိုခံစားခဲ့ ရကြောင်း၊ ရေကြီးမှုဒဏ်မှ လွတ်မြောက်ရန် ရေထုတ်မြောင်းတူးစရိတ် တစ်အိမ်လျှင် (၅၀၀)ကျပ်၊ (၁၀၀၀) ကျပ် ဖြင့် (၂)နှစ်ဆက်တိုက်ပေးခဲ့ရသော်လည်း ရေကြီးမှုဒဏ်ကို ခံစားနေရဆဲဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များကိုလည်း မိမိတို့အားရှင်းမပြခဲ့ဘဲ ငွေသုံးစွဲမှုစာရင်းရှင်းတမ်းကိုလည်း ထုတ်ပြန်မှုမရှိကြောင်း၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ရေကြီးရေနစ်မြုပ်မှုများအား ဖြေရှင်းပေးရန် မေးမြန်ရာ 
 ရေလာချိန်ရောက်ရင်ရေလာမှာပေါ့ ငါတို့က ဘာတတ်နိုင်မှာလဲဟု ပြောဆိုခဲ့ကြောင်း ရန်ကြီးအောင်ရပ် နေ အမျိုးသမီးတစ်ဦး မှ ပြောကြားသည်။ 
စကုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဇေယျာသီရိရပ်အတွင်း ရေကြီးနေပုံ၊ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ

စကုမြို့၊ အ.ထ.ကကျောင်းအနီး၊ မင်းဘူး-စကုကားလမ်းဘေးရေကြီးနေပုံ၊ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ
 ယခင်နှစ်များက သမိုးချောင်း(သားမွေးချောင်း) ရေကြီးရေလျှံမှုဖြစ်ပေါ်တိုင်း စကုမြို့၊ ပြည်သူ့ဆေးရုံ မှာ ရေနစ်မြုပ်ခဲ့သည်။ ယခုနှစ်တွင် ပြည်သူ့ဆေးရုံအနီး သမိုးချောင်း(သားမွေးချောင်း)၌ မြေကော်စက် ဖြင့်
ချောင်းအတွင်း နှုန်းမြေများတူးဖော်ခဲ့ရာ ဆေးရုံအတွင်း ရေကြီးမှုမှ ကင်းလွတ်ခဲ့သည်။ စကုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရန်ကြီးအောင်ရပ်၊ ဇေယျာသီရိရပ်နေပြည်သူများသည် နှစ်စဉ်နှစ်တိုင်း
ရေကြီးရေနစ်မြုပ်မှုဒဏ်ခံစားနေရမှုအား တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးဖြေရှင်းပေးရန် လိုလားလျှက် ရှိသည်။           

No comments:

Post a Comment