စကုမြို့၊ မင်းဘူး-စကုလမ်းမရှိ၊ စကု ရဲစခန်းရှေ့မျက်နှာစာတွင် လွန်ခဲ့သည့် (၁၀)နှစ်ခန့်က ရဲစခန်း ရန်ပုံငွေအဖြစ် ဖွင့်လှစ်နေရာချပေးထားခဲ့သော ဆိုင်ခန်းများကို ပြန်လည်ဖျက်သိမ်းရန် စကုရဲတပ်ဖွဲ့ စခန်းမှူး လက်မှတ်ဖြင့် ယနေ့ အမိန့်ထုတ်ကာ ဆိုင်ခန်းရှင်များအား သတိပေးစာတစ်စောင်ထွက်ရှိလာရာ ဆိုင်ခန်းရှင်များ အခက်အခဲများတွေ့လျှက်ရှိပါသည်။
ဆိုင်ခန်းများချပေးစဉ်က စစ်အစိုးရလက်ထက်ဖြစ်ပြီး ရဲတပ်ဖွဲ့နှင့်နီးစပ်သူများအား ချထားပေးခဲ့ခြင်းဖြစ်ပြီး ယခု လက်ရှိပိုင်ရှင်များမှာ တဆင့်ခံ ၀ယ်ယူ၍ စီးပွားရေးလုပ်ကိုင်နေကြသူများဖြစ်ပါသည်။ လက်ရှိပိုင်ရှင် များအနေဖြင့် ၀ယ်ယူစရိတ်အပြင် လစဉ်ဆိုင်ခန်းခများလည်း ရဲတပ်ဖွဲ့သို့ ပေးဆောင်သူများဖြစ်သည်။ ယခုလို ဆိုင်ခန်းများအား ဖျက်သိမ်းပေးရမည်ဆိုပါက ဆုံးရှုံးမှုပမာဏကြီးမားသောကြောင့် ဆိုင်ခန်းအသစ် နေရာချထားပေးစေလိုသည်ဟု ဆိုင်ခန်းပိုင်ရှင်များက ဆန္ဒရှိပါသည်။ ဆိုင်ခန်းများကို (၃၀-၉-၂၀၁၂)ရက် နေ့ နောက်ဆုံးထားကာ ရွှေ့ပြောင်းပေးရမည်ဟု ထုတ်ပြန်ချက်တွင်ကြေငြာထားရာ ဆိုင်ရှင်များအနေဖြင့် ရွှေ့ပြောင်းရန် အချိန်မလုံလောက်သည့်အပြင် စည်ပင်သာယာနယ်နိမိတ်အတွင်း ဆိုင်ခန်းအသစ်နေရာ ထပ်မံမချပေးပါက ဆိုင်ရှင်များနှင့်စကုရဲတပ်ဖွဲ့မပြေလည်မှုများနှင့် ရင်ဆိုင်ရမည့်အခြေအနေတွင် ရှိပါသည်။
ဌာနဆိုင်ရာများအနေဖြင့် ဌာနရန်ပုံငွေထူထောင်ရေးစီမံချက်များကို ဆောင်ရွက်ရာတွင် ရေရှည် ပြဿနာများကို ထည့်သွင်းမစဉ်းစားပဲ ဆောင်ရွက်ခြင်းကြောင့် အများပြည်သူများ နစ်နာဆုံးရှုံးစေရာ ယခုအချိန်တွင် ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းရေးကာလ၌ မြို့ရွာဖွံ့ဖြိုးမှုစီမံကိန်းများ အကောင် အထည်ဖော်ရာတွင် ရေတိုရေရှည်ပြဿနာများကို ထည့်သွင်းစဉ်းစားပြီး တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆောင်ရွက်ရန် ဒေသဆိုင်ရာဌာနများအနေဖြင့် သတိပြုသင့်ပါသည်။

No comments:
Post a Comment