မြူဝန်းလို့ခို၊ အလိုဘယ်ဝယ်၊ ရောက်လွယ်ငယ်နိုင်ဘဲ၊ ပတ်ဝန်း ဘယ်ညာ။
မြူဝန်းလို့ခို -ပတ်ပျိုး
ကျောက်ထုသည် မကွေးတိုင်း ဒေသကြီးထဲမှာ ရှိသည်။ ပေါက်မြို့မှ မိုင် ၃ဝ ဝေးသလို ချင်းပြည်နယ် တောင်ပိုင်းမြို့တော် မင်းတပ်နှင့် မိုင် ၂ဝ ကွာသည်။ ကျောက်ထုမှ ထွက်လာကတည်းက ရောက်လွယ်ခဲလိုက်တာဟု စိတ်ထဲက ထင်မိနေသည်။ မင်းတပ်နား နီးလာလေ စောစောတုန်းက ဖြတ်ကျော်ခဲ့သည့် ပုံတောင်ပုံညာ ကြောထက်၊ တောင်ကုန်း တောင်တန်း တောထူထပ်လာလေ တွေ့ရသည်။ တောင်ကုန်းတော်တော်များများမှာ မြေကို အပြောင်ရှင်းကာ တောင်ယာအတွက် ပြင်ဆင်ထား သည်ကိုတွေ့ရသည်။ ငါးဆယ်ဒီဂရီလောက် မတ်စောက်သည့် တောင်စောင်းတွေမှာ ယာစောင့်တဲလေးတွေက ကွက်တိကွက်ကြား။ အဆင်း အတက်၊ အကွေ့အဝိုက်တွေနှင့် မင်းတပ်ကို ဝင်လာပေမယ့် မြူဝန်းလို့ ခိုနေလေသည်။ မြင်ကွင်းကို သဲသဲ ကွဲကွဲ မမြင်ရ။ တောင်ခိုးဝေဝေ မြူ ခြေဆိုင်းဆိုင်း အခြေအနေ။
ပြီးခဲ့တဲ့ နှစ်နွေက စံချိန်တင် လောက်အောင်ပူလှသော မင်းဘူး - စကုက အပူကို တိမ်းရှောင်ရန် စကု အိမ်သော့ပိတ်ပြီး မိသားစုလိုက် ချင်း တောင်ခရီးကို ထွက်လာကြခြင်းဖြစ်သည်။ ချင်းတောင်တန်းကို ချဉ်းနင်း မိသည်နှင့် ပြင်ဦးလွင် ၂၁ မိုင်ကျော် လာသော အတွေ့အထိမျိုး ခံစားရသည်။ ဖုန်းကြိုဆက်ထားသဖြင့် မင်းတပ်ဈေးနားက ကားဂိတ်မှာ သမီးငယ်နှင့် သူ့သူငယ်ချင်းများက လာ ကြိုနေလေသည်။ မင်းတပ်မှာ မြင်း လှည်းမရှိ။ ဆိုက်ကားမရှိ။ လူနှင့် ပစ္စည်းတွေကို ဆိုင်ကယ်နှင့် လွန်းပျံ သယ်ပေး၏။ နေ့လယ်ပိုင်းမှာ နွေ ကန္တာဦး ဧည့်သည်ကိုမင်းတပ်က စို စိုပြည်ပြည် လေးဖြစ်အောင် ကြိုဆို လိုက်၏။
စင်စစ် ကျွန်တော်နှင့် မင်းတပ်မှာ သူစိမ်းတရံစာကြီး မဟုတ်လှ။ လွန်ခဲ့သော ဆယ်နှစ်က တစ်ခေါက် ရောက်ခဲ့ဖူးသည်။ ခေါန်နူးရိပ်သာမှာ ထမင်းစားတာကလွဲရင် ညအိပ်ခဲ့သလား မအိပ်ဘူးလား ဆိုတာကိုပင် မမှတ်မိတော့။ အခုတစ်ခေါက်မှာတော့ ပျော်သလိုသာနေ အစီအစဉ် ဖြစ်သည်။ မင်းတပ်ဆေးရုံမှာ တာဝန်ကျနေသော သမီးငယ်ဆီကို ဧည့်သည်လိုလို အိမ်သည်လိုလို လာနေကြ ခြင်းဖြစ်သည်။
မင်းတပ်သည် အမြင့်ပေ ၄၈ဝဝ ကျော်မှာရှိသည့် တောင်ပေါ်မြို့ ဖြစ်သည်။ ဆေးရုံဝင်းထဲက သမီးတို့အိမ်နှင့် မျက်နှာချင်းဆိုင်မှာ တောင် တန်းကြီးများနှင့် ကာရံပတ်ဝိုက်၍ ထားသည်။ မြူတွေဖုံးနေသဖြင့် တောင်တွေကို ငုပ်တစ်လှည့်၊ ပေါ်တစ်ခါ မြင်နေရသည်။ လက်ဝဲသုန္ဒြရ၏ မဲဇာတောင်ခြေရတုထဲက တစ်တောင်လုံး မှိုင်း၊ စ၍ ဆိုင်းသော်၊ တောင်တိုင်း ယှက်၍၊ ဝန်းကာဝေ့သည်၊ တောင်ငွေ့ ဝေဝေ၊ အထွေထွေနှင့် ဟူသော အပိုဒ်ကို အမှတ်ရလိုက်မိသည်။ သည်လို မြူတွေ ဆိုင်းနေသည်ကို ဒေသ အခေါ် မှိုင်းတိုက်သည်ဟု ဆိုကြ သည်။
ကျွန်တော် မင်းတပ်ရောက် နေသည့်အတွင်းမှာ ဆယ်တန်းအောင် စာရင်းထွက်သည်။ ကျောင်းသူတစ် ယောက်မြန်မာစာ ဂုဏ်ထူးပါသည်ဆို၍ မြန်မာစာသမားတစ်ယောက်အနေ ဖြင့် စိတ်ဝင်စားသွားသည်။ ချင်း တောင်လိုနေရာမျိုးက မြန်မာစာဂုဏ် ထူးထွက်လာခြင်းအတွက် စိတ်မဝင်စားဘဲ မနေနိုင်။ သည်လို သတင်း မျိုး လက်ဖက်ရည်ဆိုင်က စနည်း နာလို့ ရနိုင်သည်ဟူသော အတွေးနှင့် မင်းတပ်လေထန်ကုန်းဖြစ်သည့် နန်း ဦးလှိုင်မှာ သွားထိုင်သည်။ တိုက်တိုက်ဆိုင်ဆိုင် နန်းဦးလှိုင်မှာ မြန်မာစာ ဂုဏ်ထူးရ ကျောင်းသူကို သူ့ ဆရာက လက်ဖက်ရည်ပွဲဖြင့် ဂုဏ် ပြုနေသည်နှင့် သွားဆုံသည်။ ဂုဏ်ထူးရှင်က ချင်းတိုင်းရင်းသူကလေး ဂျူလီထွေး။ သူ့မိခင်မှာ ဆရာမ ဒေါ်မကြည်။ အ.ထ.က (၁)က ဆရာမဖြစ်ကြောင်းပါသိရသည်။
နောက်တစ်နေ့ အထက်တန်း ကျောင်းကိုသွားပြီး ကျောင်းအုပ်ကြီး ခွင့်ပြုချက်ဖြင့် ဂျူလီထွေးကို တွေ့သည်။ သူ့ဆရာမှာ အထက်တန်းပြ ဆရာဦးလိန်းနိုင်းဖြစ်သည်။ ဆလိုင်း ကြယ်ပျံ အမည်ဖြင့် မင်းတပ် စာပေ အဖွဲ့မှာ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ဦး လိန်းနိုင်းက တပည့်တွေကို စာစီ စာကုံးရေးနည်း လေ့ကျင့်သင်ကြား ပေးခဲ့ကြောင်း။ မင်္ဂလာ မောင်မယ်မှာလည်း သူ့တပည့်တွေ ဆုရခဲ့ဖူး ကြောင်းပါ ပြောပြသည်။ တပည့် တစ်ယောက်ကို မြန်မာစာ ဂုဏ်ထူး ရအောင် လေ့ကျင့်သင်ကြားပေးနိုင်သော သူ့အရည်အချင်းနှင့် စေတနာကို မလေးစားဘဲမနေနိုင်ပါ။ ဆရာ တပည့်နှစ်ယောက်တွဲ မှတ်မှတ်ရရ ဓာတ်ပုံ မှတ်တမ်းတင် ဖြစ်ခဲ့သည်။ ပြည်နယ်ရုံး ဟားခါးကို ဖုန်းဆက် မေးကြည့်တော့ ဟားခါး၊ ဖလမ်း၊ တီးတိန်ကပါ မြန်မာစာ ဂုဏ်ထူး ရှင်တွေ ထွက်ခဲ့ကြောင်း ပြောပြသည်။ ချင်းပြည်နယ် တစ်ခုလုံးမှာ မြန်မာစာ ဂုဏ်ထူးရှင် ငါးဦးတဲ့။
ဆရာလိန်းနိုင်းကို အကြောင်းပြုပြီး မင်းတပ်စာပေ အဖွဲ့ဝင်များနှင့် ရင်းနှီးခွင့်ရသည်။ သည်အထဲမှာ ဦးဟာလိန်းဟုန်းလည်း ပါသည်။ အသက် ၇ဝ ရှိပြီ။ သူ့ကိုယ်သူ တော်တော်အိုနေပြီဟု အားလျော့စွာ ပြောသည်။ အလယ်တန်း ကျောင်းအုပ်က အငြိမ်းစား ယူခဲ့သူဖြစ်သည်။ မောရောင်လင်း အမည်ဖြင့် ရတနာမွန်မှာ ဘာသာရေး ဆောင်းပါးတွေ ရေးခဲ့သည်ဟု ဆို၏။ ''လူထုဦးလှ ဆီကို ချင်းပုံပြင်တွေ ရေးပို့ခဲ့ဖူးတယ်။ မန္တလေး နေတုန်းက လူထုဦးလှ၊ ဒေါ်အမာ၊ ဆရာကြီး ရွှေပြည်ဦးဘတင်တို့နဲ့ ရင်းနှီးတယ်။ သူတို့ အားကိုးနဲ့ ချင်းတောင်မှာ မြန်မာစာဆရာ လုပ်ခဲ့တာလေ''ဟု ရယ်ရယ်မောမောနှင့် ပြန်ပြောပြ၏။ စိုက်ပျိုးမွေးမြူရေး အနေနဲ့ လက်ဖက်ခြံ လေးဧကနဲ့ နွားနောက် ခုနစ်ကောင် မွေးထားတယ်။ မင်းတပ်မှာ နွားနောက်တစ်ကောင် သုံးသိန်းခွဲလောက် ရှိတယ်။ လိုင်စင်စီက အသားပေါ်ရောင်းရင် ငါးသိန်းလောက်တော့ ရမှာပေါ့။ ဒီမှာက နွားနောက်သား တစ်ပိဿာ ငါးထောင် လောက်ရှိတယ်''ဟု ဆက်ပြီးရှင်း ပြသည်။
ဦးဟာလိန်းဟုန်းအိမ်တွင် ဝိုင်းဖွဲ့ရင်း မောရောင်လင်း ကလောင်အမည် ယူခဲ့ပုံကို စပ်စုကြည့်မိသည်။ မင်းတယ်နယ်မြေကို တောင်ကြော အလိုက်၊ ချောင်းအလိုက်၊ တိုက်နယ်တွေ ခွဲခြားထားသည်။ မောချောင်း၊ ယောချောင်း၊ ချီချောင်း၊ မုန်းချောင်း၊ စသည့်ချောင်းများက တောင်ကြော တစ်ခုနှစ်တစ်ခု နယ်မြေတွေကို ချောင်း အမည်ပေးကာ မောတိုက်၊ ယောတိုက် စသည်ဖြင့် ခွဲခြားသတ် မှတ်ကြောင်း။ သူ့ဇာတိမှာ မောတိုက် နယ်ဖြစ်သဖြင့် မောတိုက်နယ်မြေကို အလင်းရောင် ပေးနိုင်ရန် ရည်ရွယ် ချက်ဖြင့် ကလောင်အမည်ယူခဲ့ကြောင်း ရှင်းပြသည်။ မုန်းချောင်း သည်ပင် မင်းတပ်နယ်ကို ချောင်းဖျားခံကာ ကန်ပက်လက်၊ ဆော၊ စေတုတ္တရာ၊ ပွင့်ဖြူမြို့နယ်များကို ဖြတ်သန်းလျက် ဧရာဝတီနှင့် တွေ့တော့မှ သူ့အမည်ကို စွန့်လွှတ်ခဲ့ သည်။ ဦးဟာလိန်းဟုန်းကို စာမရေး တော့ဘူးလားမေးတော့ အိုသွားပြီလေ ဟု ပြော၏။ လူအိုပေမယ့် စာမအို ပါစေနဲ့ဦး။ ဒေသခံတွေက ရေးရင် ပိုကောင်းတာပေါ့ဟု အားပေးတိုက် တွန်းခဲ့မိသည်။
ချင်းပြည်နယ်တွင် မျိုးနွယ်စုပေါင်း ၅ဝ ကျော်နေထိုင်ကြသည်။ ဒိုင်၊ မတူ၊ ချိုး၊ မွင်း၊ မကန်း မျိုးနွယ်စုများမှာ မင်းတပ်မြို့နယ်တွင် နေထိုင်သည့် မျိုးနွယ်စုများ ဖြစ်ကြသည်။ မင်းတပ်၊ ကန်ပက်လက်၊ မတူပီတွင် နေထိုင်သော မျိုးနွယ်စုမှာ များသော အားဖြင့် တူညီမှုရှိကြသည်။ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့သူရှိသလို ခရစ်ယန်ဘာသာ ကိုးကွယ်သူတွေလည်း ရှိသည်။ အစုအလိုက် ခရစ်ယန် ဘုရား ရှိခိုးကျောင်းများ တွေ့ရသလို အရှေ့ကျောင်း၊ အနောက်ကျောင်း ဟူ၍ ဗုဒ္ဓဘာသာ ကျောင်းများ လည်းရှိသည်။ မင်းတပ်မြို့ပေါ်က ဗုဒ္ဓဘာသာဝင်တွေကုသိုလ်ရေး စု ပေါင်းဆောင်ရွက်နေသည့် စိတ္တသုခ ဓမ္မာရုံသည် ဈေးအနီး ဗိုလ်ချုပ်အောင် ဆန်းပန်းခြံ ဘေးနားမှာ ရှိသည်။ ဓမ္မာရုံမှာ အလှူခံဌာန ဖွင့်နေသဖြင့် ကြုံ တုန်းကြုံခိုက် အလှူငွေထည့်ကာ ကုသိုလ်ယူသည်။ ဥပသကာ ကိုဝင်းဇော်က ပခုက္ကူကံမဇာတိ။ ဇော်ကြီး သံသေတ္တာလုပ်ငန်း ဖွင့်ထားသည်။ တစ်နေ့က မြို့ထဲ လမ်းလျှောက်ရင်း သူ့ဆိုင်က ဆိုင်းဘုတ်ကလေးကို သတိထားမိသည်။ ကျွန်တော် ဒီကို ရောက်တာ လေးနှစ်လောက်ရှိပြီဟု ပြော၏။ သူ့ထံမှ မင်းတပ် ဘာသာရေး၊ သာသနာရေး အခြေအနေကို သိခွင့်ရခဲ့၏။ အရှေ့ကျောင်း သာသနာ ပြုကျောင်းက ပရိယတ္တိ၊ အနောက် ကျောင်း(တောင်ပုလုကျောင်း)က ပဋိပတ္တိ သာသနာ တာဝန်ကို ဦးပဲ့ထမ်းလျက် ရှိသည်။ လောလောဆယ်မှာတော့ ဆရာတော်ကြီးသည် မိတ္ထီလာဘက်သို့ ကြွနေသည်ဟု သိရ၏။
တစ်ရက်မှာတော့ မနက်စောစော မတူပီဘက် လမ်းလျှောက်ထွက်ရင်း တောင်ပုလု ကျောင်းအောက် ဘက်ရောက်သွားသည်။ တောင်ပေါ်တက်သည့် တောင်ပတ်လမ်း (ကျန်စစ်သားလမ်း)အတိုင်း တက်လျှောက်သွားတော့ ရိပ်သာအဝင်ဝကို မထင်မှတ်ဘဲ ရောက်သွားသည်။ သည်လိုနေရာမျိုးမှာ သည်မျှသာယာလှပသည့် နေရာမျိုး ရှိလိမ့်မည်ဟု မထင်ခဲ့မိ။ သစ်ပင်၊ ပန်းအလှပင်တွေနှင့် စိတ်ကူးရှိသလောက် ဖန်တီးထားသည်။ ဓမ္မာရုံထဲဝင်ပြီး ဘုရားဝတ် ဖြည့်ပြီး ပြန်အထွက်မှာ လက်ထောက်ဦးဇင်းလေးနှင့် တွေ့ပြီး ဓာတ်တော်တိုက်ကိုပါ ဖွင့်ပေးသဖြင့် ဓာတ်တော်အရွယ်အစား အမျိုးမျိုးကို ဖူးခဲ့ရသည်။ နောက်တစ်ခေါက်မှာတော့ ဦးဇင်းက ဓမ္မဒါနအဖြစ် ဓာတ်တော် အချို့ကို ခွဲဝေချီးမြှင့်ပေးပါသည်။
တောင်ပေါ်ဒေသ သဘာဝ အလျောက် ရေအခက်အခဲရှိတတ် သည်ကို ကြိုတင်သဘောပေါက် ထားသော်လည်း လက်တွေ့မှာ ရေအခက်အခဲ အတော်ကြုံရသည်။ ဝယ်ချင်လို့တောင် ဝယ်မရ။ ရေကို စကေးနှင့် သုံးရသည့်အဖြစ်ကို စိတ်မညစ်နိုင်ဘဲ တွေးပြီးပြုံးမိရသည်။ ငယ်ငယ်တုန်းက ပွင့်လန်း (သတ္တုတွင်း) ၏ တောင်ကျစမ်းများမခမ်းလေ ဆိုသည့် ဝတ္ထုကို ပြန်သတိရနေမိ၏။ ယခုနှစ် နွေအပူက တောင်ကျစမ်း ရေထွက် တော်တော်များများသွေ့ ခြောက်စေခဲ့၏။ ကိုရှိန်းထန်းအိမ် သွားလည်ရင်း ဗိုလ်မှူးဝမ္မသူဟာရှိန်း ကောင်းမှုရေကန်မှာ ရေချိုးဖို့အရေး အောက်ချိုင့်ထဲ အတော်ဆင်းယူရသည်။ ဝမ္မသူဟာရှိန်းသည် ဦးဝမ္မ သူမောင်၏ တပည့်ဖြစ်ပြီး ရပ်ရွာမှ ကြည်ညိုလေးစားခံရသူဖြစ်သည်။ ၁၉၄၉ ခုနှစ်တွင် ကျောက်ထု လေယာဉ်ကွင်းကို ပြည်ထောင်စုစစ်ရဲ တပ်ရင်း UMP (14) ဒုရင်းမှူးတာဝန် ယူစဉ်က ဦးဆောင်ဖောက်လုပ်ခဲ့သူ ဖြစ်သည်။
ချင်းပြည်နယ် အကြောင်းပြော မည်ဆိုလျှင် ဦးဝမ္မသူးမောင်ပါမှ ပြည့်စုံပေလိမ့်မည်။ ပြည်နယ်မြို့တော် ဟားခါးမှာ သူ့ကို ဂုဏ်ပြုသည့်အနေ ဖြင့် အားကစားကွင်းကို ဝမ္မသူးမောင် အားကစားကွင်းဟု အမည်ပေးပြီး ကျောင်းသားပွဲတော်ကျင်းပခဲ့သည်။ ဦးဝမ္မသူးမောင်သည် အမျိုးသားခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လုပ်ဖော်ကိုင်ဖက် သခင်တစ်ဦးလည်း ဖြစ်သည်။ သူ့ဖခင် ဦးထန်ပက်သည် အင်္ဂလိပ်နယ်ချဲ့ကို ရှေးဦးစွာ တော်လှန်ခဲ့သူဖြစ်သည်။ အင်္ဂလိပ် စစ်တပ်တွင် ဆူဗဒါး ရာထူးအဆင့်တာဝန် ထမ်းဆောင်စဉ်က ဆရာတော် ဦးဥတ္တမ၏ မန္တလေးတရားပွဲကို နာရင်း နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်ကူး စက်လာသဖြင့် စစ်တပ်မှ နုတ်ထွက် ပြီး မင်းတပ်တွင် အမျိုးသားကျောင်း တည်ထောင်ခဲ့သည်။ သခင်အောင် မင်း (ဦးဖေလိန်း)မှာ သူ့ကျောင်း ထွက် ပထမဆုံး ကျောင်းသားဖြစ်သည်။ ဆရာတော် ဦးစန္တာမဏိအား ချင်းတောင်သို့ ပင့်ဆောင်လျက် ဗုဒ္ဓ ဘာသာ ပြန့်ပွားအောင် ဆောင်ရွက်ခဲ့ သူဖြစ်သည်။ ၁၉၃ဝ ခု၊ ဖေဖော်ဝါရီ လ ၂ဝ ရက် နေ့တွင် ချင်းတောင်ပိုင်း၏ မြို့တော် ကန်ပက်လက်၌ ချင်း ပြည်နယ် တိုင်းမင်းကြီး၊ ဖလမ်း အရေးပိုင်၊ ကန်ပက်လက် နယ်ပိုင် ဝန်ထောက်နှင့် ဦးဝမ္မသူးမောင်ဦး ဆောင်သော တိုင်းရင်းသားးများ တွေ့ဆုံခဲ့သည်။ ချင်းတိုင်းရင်းသား အင်အား ၄၅ဝဝ ကျော်က တိုင်းမင်းကြီး ရှေ့တွင် အင်္ဂလိပ်အုပ်ချုပ်ရေး အလိုမရှိဟု သပိတ်မှောက်ခဲ့သဖြင့် တိုင်းမင်းကြီးနှင့် အင်္ဂလိပ် အရာရှိများ ကန်ပက်လက်မှ ထွက်ပြေးရလေသည်။ သခင် ဝမ္မသူးမောင်နှင့် ခေါင်းဆောင် ကိုးဦးအား ဖမ်းဆီးပြီးထောင်ဒဏ် အပြစ်ပေးခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် ဦဝမ္မသူးမောင်သည် ချင်း ရေးရာဝန်ကြီး ဖြစ်လာခဲ့သည်။ ကျွန်တော် ဟားခါးမှာနေစဉ်က ဦးဝမ္မသူးမောင် လက်ရေးဖြင့် ရုံးမှတ်စု စာရွက်တွေ့သဖြင့် အမှတ်တရ သိမ်းထားခဲ့သည်။
တစ်နေ့မြို့အပြင် လမ်းလျှောက် ထွက်ရင်း စီမံကိန်းရုံးနံဘေးက ဦးဝမ္မသူးမောင် သခင်အောင်မင်း၊ ဦးရှိန်းထန်တို့၏ အထိမ်းအမှတ် ကျောက်တိုင်တွေကို သွားလေ့လာ ဖြစ်သည်။ မင်းတပ်၏ အာဇာနည် ဗိမာန်အသေးစားဟု ကမ္ဗည်းထိုးပါက မှားမည်မထင်ပေ။ မိုးတွင်း ကာလမို့ လားမသိ။ လမ်းကြောင်း မှာ မြက်ရိုင်းတွေ ဆို့ပိတ်နေလေ သည်။ သမိုင်းဝင် ပုဂ္ဂိုလ်များ ထာဝရ လဲလျောင်းရာ နေရာတစ်ခုသည် လက်ရှိ အခြေအနေထက်တော့ သပ် သပ်ရပ်ရပ် လှပဖို့သင့်သည်ဟု စိတ်ထဲက အောက်မေ့မိခဲ့သည်။ သင် သေသွားသော်၊ သင်ဖွားသောမြေ၊ သင်တို့မြေလည်း၊ အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏ဟူသော ဆရာဇော်ဂျီ၏ ကဗျာသည် အတွေးထဲသို့ တိုးဝင်လာ ခဲ့သည်။ သူတို့သမိုင်းကြောင်းကို ဖော်ထုတ်မပေးနိုင်လျှင် မျိုးဆက်သစ်ချင်း လူငယ်လေးတွေက ဘယ်သူလဲ၊ ဘာလဲဟု မေးကြပေလိမ့်မည်။
ကျွန်တော် မင်းတပ်မှာ ရှိနေစဉ် ကျွန်တော်နှင့် အများဆုံး အဖော် လိုက်ပေးသူမှာ ဆရာရှိန်းထန်း ဖြစ်သည်။ သူ့ဇနီးက ကျန်းမာရေး ဌာနက ဝန်ထမ်း။ ပညာ၊ ကျန်းမာ နှစ်ဦး ပေါင်းကာ နိုင်ငံ့တာဝန်ကို ထမ်းနေသူများ ဖြစ်သည်။ မသိတာရှိလျှင် နယ်ခံဖြစ်သည့် သူ့ကိုမေးရသည်။ အခုလည်းကြည့်။ ဗိုလ်မှူးဝမ္မသူးဟာ ရှိန်းရေကန် ရေဆင်းချိုးသည့်နေ့က အဆင်းလမ်းမှာ ကျောက်တုံးလေးတွေ ဒေါင်လိုက်စိုက်ထားတဲ့ အပေါ်မှာ ကျောက်ပြားတင်ထားတဲ့ နေရာလေး တွေတွေ့ခဲ့ရသည်။ သူက ''အဲဒါ ကျောက်ပျဉ်ချီပွဲတော် ကျင်းပတဲ့ နေရာပေါ့''ဟု ထုံးစံကို ရှင်းပြသည်။ ချင်းပြည်နယ်နေ့မှာလည်း ယင်းပွဲတော်ကို ကျင်းပသည်ဟု ဆိုသည်။ အဲသည်ပွဲတော်မှာ ကိုယ့်မှာအင်အား ရှိသလောက် နွားနောက်ကို သတ်ပြီး ပူဇော်ရသည်။ နွားနောက်သတ်ရာတွင် နတ်တိုင်ခေါ် ပျဉ်ချပ်ကြီးတွေကို သုံးရသည်။ ရေကန်လမ်းအဆင်း အိမ်တစ်အိမ်မှာ ကျောက်ပျဉ်နတ်တိုင် (ခွတိုင်)နွားနောက်ဦးခေါင်းရိုးတွေ တွေ့သဖြင့် ဓာတ်ပုံမှတ်တမ်းတင်ခဲ့သည်။ ကျောက်ပျဉ်ချီပွဲတော်ကို သာမန်လူတွေ မလုပ်နိုင်။ ဓနအင်အား ခိုင်မာသူတွေသာ လုပ်နိုင်သည်။ နွားနောက် ဆယ်နှစ်ကောင်သတ်ပြီး ပူဇော်နိုင်လျှင် သူဋ္ဌေးဘွဲ့ရသည်။ ချင်း လိုတော့ ကျွန်တော်မပြောတတ်။ မြန်မာလိုသာဆိုလျှင် မဟာဘောဂသေ ဋ္ဌိတွေ၊ ဘာတွေဖြစ်မည် ထင်သည်။ နွားနောက်တစ်ကောင် သုံးသိန်းကျော် ပေါက်နေသည့် အချိန် ၁၂ ကောင် အထိ ပူဇော်ရမည့်ကိစ္စသည် သိပ် တော့မလွယ်လှပေ။ ဒါပေမယ့် မိုက္ကရိုဝေ့ဖ် အောက်ဘက်နားက အိမ်တစ် အိမ်မှာ နတ်တိုင်တွေရော၊ ကျောက် ပျဉ်တွေအပြင် တိုင်လုံးလှလှလေးတွေ အပေါ်မှာ အထွတ်လေးတွေ တင်ထားတာတွေ့လို့ မေးကြည့်တော့ နွားနောက် ၁၂ ကောင်ပူဇော်နိုင်သည့် သူတွေသာ စိုက်ထူခွင့်ရှိသည့်တိုင်ဟု ဆရာရှိန်း ထန်းကပြောပြသည်။ ချင်းလို ဘယ် လိုခေါ်သလဲမေးတော့ (တော်တော် အားကိုးရတဲ့လူ)ကျွန်တော်လည်း မေ့ နေတယ်တဲ့။
ကျောက်ပျဉ်ချီပွဲတော် လုံယူး ပွဲတော်ကို မင်းတပ်၊ မတူပီ၊ ကန်ပက် လက်မြို့နယ်များတွင် ကျင်းပလေ့ ရှိသည်။ ကျောက်ပျဉ်ချီခြင်း၊ ကျောက်ပျဉ်တင်ခြင်း၊ ကျောက်ပျဉ် ပေါ်တက်သည့်နေ့များသတ်မှတ်ထား သည်။ ပွဲတော်နေ့များအဖြစ် အကြို ပြင်ဆင်သည့်နေ့၊ အဝေးဧည့်သည် များရောက်သည့်နေ့၊ ဧည့်သည်များ ပြန်သည့်နေ့များပါထည့်တွက်လျှင် ခြောက်ရက်ကြာသည်။ ပွဲတော်မှာ ရိုး ရာအကများပါသည်။ တူရိယာပစ္စည်း အနေဖြင့် မောင်းကြီးနှစ်လုံး၊ မောင်း ငယ်နှစ်လုံး၊ ဗုံတစ်လုံး၊ လင်ကွင်း တစ်ချပ်ဖြစ်သည်။ မျိုးနွယ်စု ဂုဏ် ကို ထုတ်ဖော်သော သီချင်းများကို သီဆိုပြီး ကလေ့ရှိသည်။ ဗွီလမ်းစိန်း ခေါ် သူရဲကောင်းအကတွင် ဒိုင်း တစ်ချပ်၊ ဓားတစ်လက်၊ လှံတစ် ချောင်းဖြင့် တစ်ယောက်ချင်း အကမျိုးမှာ စိတ်ဓာတ်တက်ကြွစရာ ကောင်းသည်ဟုဆိုသည်။ ပွဲတော်တွင် အရေးအပါဆုံးမှာ တာရှူးခေါ် နတ်ပဆန်း ပုစ္ဆာန်းဆရာများ ဖြစ်သည်။ ကျောက်ပျဉ်ပေါ် တက်သည့်နေ့(လုံးကာ)တွင် နတ်ပဆန်းဆရာသည် ကျောက်ပျဉ်ပေါ်တက်၍ ရာဇဝင်ကို ဖော်ကျူးလျက် သီချင်းသီဆိုသည်။ ဘေးပတ်လည်တွင် ရပ်ရွာလူကြီးများက ခေါင်ရည်သောက်ရင်း သီချင်းဆို လျက်ကကြရသည်။ နတ်ပဆန်းဆ ရာတို့က သီးနှံများကောင်းမွန်ရေး၊ သာသာယာယာ ရှိရေးအတွက် ဆုမွန်များ တောင်းပေးကြသည်။ ကျောက်ပျဉ်ချီ ပွဲတော်လိုပင် ဒေသအတွက် အရေးပါသည့် ပွဲတော်တစ်ခုမှာ နှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပလေ့ရှိ သည့် ကုမ်းသီခေါ် နှစ်သစ်ကူးပွဲ တော်ဖြစ်သည်။
ချင်းတောင်ကို တက်လာတုန်းက မန္တလေး စာပေမိတ်ဆွေတစ်ဦးက မင်းတပ်မှာ မင်းတပ်အောင်ခင် ရှိတယ်။ သွားတွေ့လိုက်ပါဦးဟု မှာသည်။ မင်းတပ်အောင်ခင် ခေါ်ပေမယ့် သူသည် မင်းတပ်ဇာတိမဟုတ်။ သူ့ဇာတိရွာသည် ဧရာဝတီ မြစ်နံဘေးမှာ ရှိသည်။ မင်းတပ်မှာ သူ့ကို ရုတ်တရက် မေးလို့မရ။ မင်းတပ်ပြန်ဆက် စာကြည့်တိုက်ကိုသွားရင်း စာကြည့်တိုက်မှူး မထန်းပိုင်ကို မေးကြည့် သည်။ စာကြည့်တိုက်က စာအုပ်တွေ တစ်ခါငှားရင် လေးငါးအုပ် လောက်ငှားလေ့ရှိကြောင်း။ စာအလွန် ဖတ်ကြောင်းနှင့် သူ့အိမ်ကဈေးနား မှာရှိကြောင်း ပြောပြသည်။ မင်းတပ် စာကြည့်တိုက်သည် ခရိုင်အဆင့် စာကြည့်တိုက်ဖြစ်ပြီး စာအုပ် တော်တော်စုံသည်။ ရောက်တုန်းရောက်ခိုက် ကျွန်တော်၏ (မောင်ချစ်တီးအိုးစည်)စာအုပ်ကို လှူခဲ့သည်။ ဈေးနား တစ်ဝိုက် ဦးအောင်ခင်အိမ်ကို မေးလို့မရ။ နောက်ဆုံးဈေးနားကဆိုင်ကို မေးတော့မှ ''ဒီလမ်းအတိုင်း လျှောက်သွား။ အိမ်ကြီးကြီး တွေ့လိမ့်မယ်''ဟု ညွှန်သည်။ သူညွှန်သည့် လမ်းမှာ ကျွန်တော်နေ့တိုင်း လမ်းလျှောက်နေ ကျဖြစ်၍ ဒေါ်မြကြည်ဆိုင်ရဲ့ ဘယ်ဘက်မှာ ရှိသလဲ''ဟု ထပ်ဆင့်မေး ကြည့်ရာ သူကရယ်လျက် ဦးအောင်ခင်က ဒေါ်မြကြည် အမျိုးသားလေ ''ဟု တည့်တည့်ပြောမှ သဘောပေါက် တော့၏။
ဒေါ်မြကြည်ဆိုင်မှာ အရင်ရက် ပိုင်းကပင် လျှပ်စစ်ပစ္စည်းတစ်ခု ဝယ်ခဲ့သေးတာပဲ။ သူ့အိမ်ရောက်သွား တော့ မန္တလေးကို ဆင်းသွားတယ်ဟု ဒေါ်မြကြည်က ဆီးပြော၏။ ကြော်ငြာ ဖြတ်ထိုးသည်မထင်ပါနှင့် ဒေါ်မြကြည်ဆိုင်က မင်းတပ်မှာ ပစ္စည်း အစုံဆုံး၊ အကြီးဆုံးဆိုင်ဖြစ် သည်ကိုတော့ ကျွန်တော် ချန်မထားခဲ့ချင်။ မြောက်ပိုင်း ဟားခါးမှာနေတုန်း အိမ်ဆိုင်လေးတွေမှာ ဆာဘူးသီး ရသည်ဆိုသော ဆိုင်းဘုတ်ကို တွေ့ရသဖြင့် အပင်ကသီးသော စားကောင်းသည့် အသီးတစ်မျိုးဟု ထင်ခဲ့မိပုံအကြောင်း ကျွန်တော်ဆောင်းပါး တစ်ပုဒ်ရေးခဲ့ဖူးပါသည်။ ဆာဘူးသီး ဆိုသည်မှာ ဖွပ်ထားသော ပြောင်းဆန်နှင့် နွားနောက်သား သို့မဟုတ် အမဲသားနှင့် ရောကျိုထားသော ချင်း ရိုးရာ စားစရာတစ်မျိုးဖြစ်သည်။ မင်း တပ်မှာ အဲသည်လိုဆိုင်းဘုတ်မျိုး လိုက်ရှာကြည့်သည် မတွေ့။ ဟားခါးမှာ ဆားဘူးသီးလို ဟာမျိုးကို မင်းတပ်မှာ အေခွီးလို့ ခေါ်ကြောင်း ဆရာရှိန်းထန်းက ပြောပြသည်။ တစ်ကျောင်းတစ်ဂါထာဟု ဆိုရမည် ထင်သည်။ တစ်နေ့တုန်းကလည်း သစ်တောရုံးရှေ့မှာ သစ်ပင်တစ်ပင် တွေ့သည်။ မကောက်ပင်ဟု ပြောပြသည်။ ရှမ်းပြည်နယ်၊ လွိုင်လင်မှာ နေတုန်းက ကိုယ့်အိမ်ဝိုင်းထဲက ပင်စိမ်းပင်နဲ့ အတော်တူတာပဲ အောက်မေ့နေစဉ် သစ်တောဝန်ထမ်း တစ်ဦးက ရှမ်းပြည်မှာတော့ ပင်စိမ်းပင်လို့ ခေါ်တယ်ဟု ရှင်းပြလိုက်မှ သံသယ ပျောက်ကာ အမှန်ဘဝ ရောက်ခဲ့ရလေသည်။ တစ်ရွာတစ်ပုဒ်ဆန်းပါပဲ။ မြိတ်ဘက်မှာတုန်းက သင်္ဘောသီး ကို ရှိန်းခိုသီးခေါ်ပြီး စားခဲ့တာကို ပြန်ပြီး သတိရမိသည်။
တစ်ရက်မှာတော့ အိမ်ရှေ့မှာ သေတ္တာပုံးခွံနဲ့ထည့်ထားသော ရှစ်လက်မ အရှည်ပျိုးပင်ငယ်များကို တွေ့လိုက်မိသည်။ မင်းတပ်ကို အစည်းအဝေးလာသော မတူပီ ဝန်ထမ်းတစ်ဦး လာထားသော သစ်မွှေးပင်များ ဖြစ်သည်။ တစ်ပင်ကို လေးထောင်ကျပ် ပေးရသတဲ့။ မတူပီမှာ ငါးထောင်ကျပ်နဲ့ ရောင်းရသည်ဟု ပြောသည်။ မတူပီ၊ မင်းတပ်မိုင် ၁ဝဝ ကျော်မှာကားခ ရှစ်ထောင်ထင်သည်။ လမ်းစရိတ် နည်းနည်းကာမိအောင် သယ်ရောင်းသလို စိုက်လို့လည်း ဖြစ်သည်။ သက်တမ်းရှစ်နှစ်ရှိလျှင် အဆီထုတ်၍ ရပြီဟု သိရသည်။ သမားရိုးကျနည်းဖြင့် စိုက်ပျိုးသော သစ်မွှေးပင်များမှာ အနှစ်အဆီရဖို့ သိပ်မသေချာပေ။ တစ်ပင်လုံး အစိပ်စိပ် ခွဲကြည့်သော်လည်း အနှစ်သာရ ဘာမျှ ရှာမရတာတွေလည်း ရှိသည်။ လက္ခဏာရေး သုံးပါးအနက် အသာရကတ္ထေနဟူသော အနတ္တလက္ခဏာ ကို ဆင်ခြင်ရသည်နှင့် တူလှသည်။ ဒါပေမယ့် သုတေသန ပြုထားသော အဆင့်မြင့် နည်းပညာတွေအရ ဆေးထိုး၍ အဆီတည်အောင် လုပ်လို့ရသည်ဟု သိရသည်။
ဒုတိယ ကမ္ဘာစစ်မတိုင်မီက ချင်းတောင်နယ်မြေကို မကွေးတိုင်း ဒေသကြီးထဲမှာထည့်ထားခဲ့သည်။ ချင်းဝိဒေသတိုင်းတို့၊ ချင်းပြည်နယ် တို့ဟုမခေါ်သေး။ ချင်းတောင်တန်း ခရိုင်ဟုသာခေါ်သည်။ ချင်းတောင် တန်းခရိုင်၏ ရုံးစိုက်ရာ ဒေသမှာ ဖလမ်းဖြစ်သည်။ ချင်းတောင်တန်းကို သွားလိုပါက ကလေးမြို့မှနေ၍ နတ် ချောင်းလမ်းအတိုင်း၊ မြင်း၊ နွားလှည်း တို့ဖြင့် သွားခဲ့ရသည်အထိ ဆက်သွယ်ရေး ခက်ခဲခဲ့သည်။ ထိုစဉ်က ချင်းတောင်တန်းခရိုင်အရေးပိုင်မှာ ကာ နယ်ဘန်း ဖြစ်သည်။ ချင်းတောင်ကို လမ်းဖောက်ဖို့ စဉ်းစားခဲ့သူဟာ အရူး Damm Fool ဟု ပြောခဲ့ဖူး သည်။ ဖလမ်းတွင် အရေးပိုင်လုပ်ခဲ့သူ ဖလမ်းဇာတိ ဦးဇဟရဲလျှံ သံအမတ်ကြီး ၁၉၆ဝ ခုနှစ် လန်ဒန်ကို ရောက်ခဲ့စဉ်က သူ့ဆရာ သမား ဟောင်းကြီး ကာနယ်ဘန်းကို သွားတွေ့ကာ ချင်းပြည်နယ်မှာ အိန္ဒိယ နယ်စပ်အထိ ကားလမ်းတွေ အနှံ့ အပြားဖောက်ပြီးနေကြောင်း ဂုဏ်ယူ ဝင့်ကြွားစွာပြောခဲ့ကြောင်း Zahre Lian of Burma စာအုပ်တွင် ဖတ်ဖူးသည်။
ယနေ့ကာလတွင်မူ ချင်းပြည်နယ်တွင် ပြည်ထောင်စုလမ်း၊ ကျေးလက်လမ်းတွေ အသီးသီးပေါ်လာ နေပြီဖြစ်သည်။ ဟိုတုန်းက မင်းတပ် ဆိုလျှင် R T B ဟီးနိုးကားကြီးတွေနဲ့ လေးငါးညအိပ်လောက် သွားရသည်။ ယာဉ်တိမ်းမှောက်မှုတွေကြောင့် အသက်ဆုံးရှုံးခဲ့သူတွေ၊ ဒုက္ခိတ ဖြစ်ခဲ့သူတွေ ဒုနဲ့ဒေး။ ယခု ပခုက္ကူမှ မင်းတပ်နေ့ချင်းပေါက် သွားနိုင်နေပြီ။ ဟီးနိုးကားကြမ်း၊ လမ်းကြမ်း နေရာတွင် ကတ္တရာလမ်း၊ မှန်လုံကားတွေ အစားထိုး နေရာဝင်ယူလာခဲ့ပြီ။ ဟိုတုန်းကနဲ့ နှိုင်းယှဉ်လျှင် မြို့ပြနှင့် ကျေးလက်ခြားနားမှုသည် ကျဉ်းမြောင်းလာနေပြီဟု ဆိုနိုင်ပါသည်။ တစ်ခုယူလျှင် တစ်ခုပေးရသည့် ထုံးစံလိုပင် မြို့ပြယဉ်ကျေးမှုတွေ ဝင်လာ လျှင် တိုင်းရင်းသား ယဉ်ကျေးမှု ထုံးစံတွေပါးလျားသွားမည်ကိုတော့ စိုးရိမ်မိပါသည်။
မင်းတပ်ကို ရောက်တုန်း ရောက်ခိုက် ချင်းရိုးရာ အထည်တွေ ရက်လုပ်တာကို လေ့လာသွားဖို့ စာပေမိတ်ဆွေတွေ အကြံပေးချက်အရ ဝမ္မသူးမောင်လမ်းပေါ်က ရွှန်တစက်မှုလက်မှု ကုန်ထုတ်သမဝါယမ အသင်းကို တကူးတက သွားခဲ့သည်။ အသင်းမှာ အသင်းသားစုစုပေါင်း ၁၅ ဦးရှိ ပြီး အသင်းဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတာဝန် ထမ်းဆောင်မည့် ပုဂ္ဂိုလ်တွေဟာ အမရပူရ ဆောင်းဒါးရက်ကန်း ကျောင်းမှာ ခြောက်လ သင်တန်း တက်ရသည့်အကြောင်း ဒုဥက္ကဋ္ဌ ဒေါ်လိုင်တွဲက ရှင်းပြပါသည်။ လက်ခတ်သံတွေ ညံနေသော အလုပ်ရုံထဲမှာ ရက်ကန်းစင် ရှစ်စင်အနက် ခုနစ်စင်မှာ ရွှေချည်၊ ငွေချည်တွေ တန်းလို့။ ပျိုလေးရက်တဲ့ ရက်ကန်း စင်ဘာဆင်လဲ မေးစရာမလို။ မင်းတပ်ရိုးရာ အမျိုးသားဝတ်နဲ့ ပွင့်ကောက် အမျိုးသမီး ဆင်တွေရက်နေတာ တွေ့ရသည်။ မင်းတပ်ဆင်အမျိုးသား ဝတ်ရက်နေတဲ့ မကေပိုင်ကိုမေးကြည့်တော့ တစ်ရက်ကို ပုဆိုး နှစ်ကွင်း ကျအောင် ရက်နိုင်သတဲ့။ သူ့ဘေးက တစ်ဦးကတော့ ပွင့်ကောက်ဆင်ရက် နေသည်။ ပွင့်ကောက်က အနုပညာ ဆန်ပြီး လက်ဝင်တဲ့အတွက် နှစ်ရက်မှ တစ်ကွင်းပဲ ပြီးနိုင်သည်ဟု ပြောသည်။ ပွင့်ကောက်ဆင်ကြတော့ အထည်လိပ်ရဲ့ အောက်ဘက်က ကြည့်မှ အလှကိုတွေ့နိုင်သည်။ ထုတ်လုပ်ပြီး အထည်တွေကို မင်း တပ်ဈေးကွက်မှာ ရောင်းသလို ကလေးမြို့ ဈေးကွက်ကိုလည်း ပို့သည်။ ပြည်ပဈေးကွက်အနေနဲ့ မလေးရှားကိုလည်း တင်ပို့ရသည်ဟု ပြောသည်။ ရွှေချည်ထိုး စပါယ်ရှယ် ဝမ်းဆက်တစ်စုံ တစ်သောင်းကျပ်။ ရွှေချည်မပါ ခြောက်ထောင်ကျပ်နဲ့ ရိုး ရိုးဆိုရင် သုံးထောင့်ငါးရာကျပ်ဈေး ရှိသည်။
မင်းတပ်နှင့်ပတ်သက်ပြီး ပြော စရာတစ်ခုရှိသည်။ ရာဇဝင်ထဲက တောင်စဉ် ခုနစ်ခရိုင်မှာ မင်းတုန်း၊ မင်းတပ်၊ ပန်းတိမ်း စသည့်မြို့တွေ ပါသည်။ မင်းတုန်းမင်း၏ သမီး တော်တစ်ပါးအား မင်းတပ်ကို အပိုင် စားပေးခဲ့သဖြင့် မင်းတပ်မင်းသမီး ဟုခေါ်သည်။ အဲသည် မင်းတပ် သည် ကျွန်တော်ရောက်ခဲ့သည့် မင်း တပ်မဟုတ်။ မင်းတုန်းမြို့နယ်ထဲမှာ ပါဝင်သည့် အိမ်ခြေငါးရာလောက် ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။
ကျွန်တော်သည် မင်းတပ် အတွက် ဧည့်သည်ဖြစ်သည်ဆိုတော့ အချိန်တန်လျှင် အိမ်ပြန်ရပါလိမ့်မည်။ အဖေအိမ်အပြန်ကို သမီးက ကားဂိတ်အထိ လိုက်ပို့ပါသည်။ ကား မထွက်မီ မင်းတပ်လေထန်ကုန်း နန်းဦးလှိုင် လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်အောင် ထိုင်လိုက်သေးသည်။ တစ်နာရီထိုးတော့ ကားဘီးလိမ့်စပြု၏။ ကုန်းလမ်းအဆင်းမှာ ပုံမှန် အရှိန် အတိုင်း ခရီးနှင်နေသည်။ မြို့အဝင် ဆိုင်းဘုတ်မရောက်မီလောက်မှာ ကျွန်တော့်ဆီက တစ်စုံတစ်ခု ထွက်ကျသွားသည်ကို သိလိုက်၏။ ကားကို ရပ်တန့်ပေးဖို့ မတိုက်တွန်း။ ပြန်ကောက်ဖို့ မကြိုးစားမိ။ မင်းတပ်သည် သူ့အတွက် ပစ္စည်းကို သူပြန် ယူလိုက်ခြင်းဖြစ်သည်။ အဲဒါက မင်းတပ်အတွက် ကဗျာတစ်ပုဒ်။
တောင်ခိုးကဝေဝေ
မြူခြေကဆိုင်း
မှိုင်းတိုက်တယ် သူ့ဓလေ့ဆိုထင့်
နှင်းငွေ့ခြုံသိုင်း။
ရှုလိုက်တိုင်း၊ တောင်တွေကာ
အမြင့်ပေသူ့ကိုမေးတော့
လေးထောင့်ရှစ်ရာတဲ့။
မင်းတပ်တဲ့ခေါ်သညာ
သာယာတဲ့ဒေသ
ထင်းရှူးမြိုင်ဂနိုင်တောနဲ့
လွမ်းမောဖွယ်ပ။
သူ့ရိုးရာ သဘင်ပွဲ
ဆင်နွှဲကြပျော်စရာ
ပွဲကုမ်းသီနှစ်သစ်ကူး
ထူးတဲ့မင်္ဂလာ။
ကျောက်ပျဉ်ချီ လုံယူးတဲ့
ထူးခြားတဲ့စဉ်အလာ
ပျော်စရာ လွန်ကောင်း။
ပဆန်းနတ်ဆရာတို့
စိတ်မှန်းကာ သူ့အတတ်နဲ့
ဆုမြတ်ပန်တောင်း။
သန်းထွန်း(စကု)မြူဝန်းလို့ခို -ပတ်ပျိုး

source: http://www.zaygwet.com/literature.php?id=185
No comments:
Post a Comment