![]() |
ပန်းချီသန်းမြင့်အောင်၏ပန်းချီလက်ရာ |
ပန်းချီမောင်လှိုင်(ကာတွန်းရွှေ မင်းသား)တာဝန်ခံ စီစဉ်သောပြပွဲ-၁၉၉၇တွင် ရေဆေးပန်းချီကားများ ရေးဆွဲပြသဖြစ်ခဲ့သည်။ သံလျင်ဝန်းကျင်က ရိုက်ကူးလာသော ဓာတ်ပုံကို အေးရိပ်ငြိမ် အမည်ဖြင့် ပြောင်းလဲဖန် တီးခဲ့သည်။ သူနှင့်တစ်ရပ်တည်းသား အစ်ကိုကြီး နီတွတ်(နှုတ်ခမ်းမွေး)၏ ရွှေစက်တော် သောင်ပြင်နှင့် ချောင်းအလှ(အဖြူအမည်း)ကို ရောင်စုံတင်ကာ အလှခြယ်ပြခဲ့သည်။ ရွှေတိဂုံ ဘုရားဈေးတစ်နေရာကို အရုပ်ဆိုင် အမည်ဖြင့်ပုံဖော်ခဲ့သည်။ ဤပြပွဲမှာ သူ့ဘဝအတွက် အမှတ်တရ ဖြစ်ခဲ့သည်။ သူ့ပန်းချီကားတွေကို ရေနံချောင်းမှ သူ့ကျေးဇူးရှင်ဘခင်ကြီး ဦးခင်ညွန့် လာကြည့်ပြီး အံ့သြဝမ်းသာကြည်နူးမှု ပေါက်ဖွားစေခဲ့သည်။ ''အဖေ့ကို ကြည်နူးစေခဲ့သည့် ပန်းချီကားများ'' ဆောင်းပါးသည် ဘခင်ထံမှ ကူးစက်လာသော ကြည်နူးမှုကို ဖော်ကျူးသည့် ဥဒါန်းစကားပင် ဖြစ်သည်။ ကိုယ်တိုင် ပန်းချီမရေး ဖြစ်သော်လည်း သားဖြစ်သူကို အလိုလိုက် အားပေးခဲ့သော သူ့ဖခင်၏ စိတ်ဓာတ်ကို နားမလည်နိုင်ဘဲ မေးခွန်းထုတ်ခဲ့ဖူးသည်။ ''ငါငယ်ငယ်တုန်းက ပန်းချီဝါသနာ ပါခဲ့တယ်။ အဖေတို့က မွဲဆေးဖော်တယ်ဆိုပြီး လက်ဆစ်ရိုက်ပြီး တားမြစ်ခံခဲ့ရတယ်။ အဖေဖြစ်လာတော့ သားကိုကိုယ့်လို မခံစားစေချင်လို့''ဟု ပွင့်အန်လာသည်။ သားကိုနားလည် ပေးတတ်သော ဖခင်၏ သားဖြစ်ရသည်မှာ သူ့အကျိုးပေးဟု ဆိုရမည် ထင်သည်။
သန်းမြင့်အောင်၏ ဘဝကို နှစ်လွှာစပ်ထားသည်ကို တွေ့ရမည်။ သန်းမြင့်အောင် အမည်ဖြင့် စုတ်ကိုင်ဆေးတို့၊ ပန်းချီခြယ်။ ကိုသီအောင်က ဆောင်းပါး၊ သင်းဝေအောင်က ကဗျာဆရာ။ ကိုသီအောင် အမည်ဖြင့် ရေးသည့် အခန်းဆက် ဆောင်းပါးကို ပင်တိုင်ကဏ္ဍ အနေဖြင့် ပန်းချီဝင်္ကပါဟု အမည်ပေးထားပါသည်။ ဆရာ ကြီးမောင်(ငွေဥဒေါင်း)၏ စာဝင်္ကပါကို အားကျအတုယူ လေသလား မပြောတတ်ပါ။ ဝင်္ကပါဆိုတော့ ဟိုကနေ သည်ရောက်။ ရောက်တတ်ရာရာ လွတ်လွတ်လပ်လပ် ရေးလို့ရသည်။ သူ့သက်တမ်းနှင့်စာလျှင် စာပေအနုပညာ အလုပ်တွေ မနားတမ်းလုပ်နိုင် သူဟုဆိုရမည်ထင်သည်။ မေမြို့မိုးကြည် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူသော ဘာသာသွေးမဂ္ဂဇင်းတွင် စာတည်းအဖွဲ့ဝင်အဖြစ် ကောင်းကျော်(စီးပွားရေး)၊ စိုးစိုးဝင်း(မဟာ ဝိဇ္ဇာ)တို့နှင့်တွဲ၍ တာဝန်ယူခဲ့သည်။ မေရဲ့ပန်းပွင့် သို့မဟုတ် ကမ်းပါးပေါ်က ကျွံကျသွားသော နာဂစ်နေ့၊ နာဂစ်ည၊ နာဂစ်အလွန်ခံစားမှု ကဗျာများနှင့် နာဂစ်ခံစားမှု ပန်းချီကားများကို ကိုရွေး၊ အံ့ဘွယ်ဇင်တို့နှင့် တွဲ၍ စီစဉ်သူအဖြစ် ဆောင်ရွက်ခဲ့သေးသည်။
မြန်မာမှုနယ်ပယ်တွင် လျှောမွေးကို ဗရာဏသီချဲ့ဟူသော စကားရှိပါသည်။ ဤအဆို၊ ဤစကားကို သန်းမြင့်အောင်က ယဉ်ယဉ်ကျေး ကျေး ညင်ညင်သာသာငြင်းပယ်ခဲ့ပါ သည်။ သူ့ဇနီးခင်၏သားအိမ်တွင် နေရာယူရမည့်အစား နေရာမှားကာ နေရာယူခဲ့သည်။ ရက်သားအလွန် လသားအရွယ် သန္ဓေသား။ သားကောင်းထက် သားဆိုးက မွေးရခက်တယ်ဟု ရှေးကကိုယ်ဝန်ဆောင် မိန်းမတွေ ကြောက်ခဲ့သော သားဆိုး ကလေး။ မသေကောင်း မပျောက် ကောင်း မိခင်အသက်ကိုပါ ဆွဲထုတ် သွားနိုင်သည့် သားဆိုးကလေး။ ဖခင် တစ်ယောက်၏ မေတ္တာနှလုံးသားနှင့် မုန်းလည်းမမုန်းတီးရက်၊ နာလည်း မနာကျည်းရက်ခဲ့။ အထည်ဒြပ်မပီ၊ ကျား-မ လိင်မပီသော သည်ကလေးကို'' လာပြီးမှ ပြန်သွားတယ်''ဟု နှမြောတသစွာ ကဗျာဖွဲ့ခဲ့သေးသည်။ ''ငြင်းပယ်ခဲ့တာ မဟုတ်သလို၊ စွန့်ပစ်ခဲ့တာ မဟုတ်ပါဘူး ကလေးရယ်၊ မင်းကိုယ်တိုင် နေရာလွဲခဲ့တယ်''ဟု ဖြေရှင်းချက်ပင် မတောင်းဘဲ ပေးနေလိုက်သေးသည်။ အနုပညာသမား နှလုံးသားနှင့် သန်းမြင့်အောင်။ ဗိမ္ဗိသာရလို လူစားမျိုး။
သန်းမြင့်အောင်သည် ရတနာ သုံးပါးကို ကြည်ညိုကိုင်းရှိုင်းသူ တစ်ဦး ဖြစ်သည်။ ရတနာသုံးပါးတွင် တရားတော်၏ ဂုဏ်တော်များအနက် ဧဟိပဿိက ဂုဏ်တော်ကို အတော် ကြည်ညိုပုံရသည်။ တရားတော်ကို နာကြားမှတ်သားရုံဖြင့် အားရကျေနပ် မှုမရှိဘဲ လက်တွေ့ကျင့်သုံးကြည်ညို ခဲ့သူဖြစ်သည်။ အသက်အရွယ်ငယ်ပင် ငယ်သော်လည်း တရားဓမ္မ၌ ပျော်မွေ့တတ်သူ၊ သူ့ကို ကျွန်တော်လေးစား ကြည်ညိုမိပါသည်။ ဆရာဆန်းလွင် (နောင်တွင် ရှင်အာဒိစ္စရံသီ)စီစဉ်သော မိုးကုတ်ဆရာတော် ဘုရားကြီး၏ ဝိပဿနာရှုနည်းလက်စွဲကျမ်းကို သူဖတ်ရှုနှစ်သက် သဘောကျခဲ့သည်။ ဤနည်းအတိုင်း လက်တွေ့တရား ထိုင်ခဲ့သည်။ သူ့အတွေ့အကြုံကို (စွန့်လွှတ်ခြင်း)အမည်ဖြင့် ဆောင်းပါး ရေးသားတင်ပြခဲ့သည်။ ဝတ်ကြောင်ကို လွတ်အောင်ရုန်းကာ တရားမွေ့ တော့မည်စိတ်ကူးအကြံအစည်နှင့် သူစုဆောင်းထားသော စာအုပ်တွေကိုစွန့် လွှတ်ခဲ့သည်။ 'ကမ္မဋ္ဌာနာစရိယ' မရှိ ဘဲ သူတစ်ဦးတည်းအားထုတ်ခြင်း ဖြစ်သဖြင့် သူ့နည်းမှန် မမှန်ကို စစ်ဆေးအကဲဖြတ်ပေးမည့်ဆရာလိုအပ် နေကြောင်းသတိထားမိသည်။
အသက်အရွယ်ငယ်ငယ်နှင့် အနုပညာနယ်ပယ်တွင် ဘဝကိုနှစ် မြှုပ်ကာ အကျိုးရှိရှိ အလုပ်လုပ်နိုင်သော သူ့ကို နှမြောနေမိပါသည်။ သူ့မိသားစု၊ မိတ်ရင်း၊ ဆွေရင်းဆိုလျှင် ပိုပြီးနှမြောမိ နေပေလိမ့်မည်။ လောကအတွက် အကျိုးပြုလုပ်ငန်းတွေ အများကြီးလုပ်နိုင်သေးသည့်အရွယ်။ လှေပြေးတုန်း တက်ကျိုးတာနှင့်တူ သည်။ မိမိနှင့်တွေ့ပြီးတစ်လကျော် အကြာ ၁၁-၅-၂ဝ၁၁ နေ့တွင် သန်းမြင့်အောင်တစ်ယောက် မိသားစု၊ စာပေအနုပညာလောကကို ကျောခိုင်း ထွက်ခွာသွားခဲ့ကြောင်း ဈေးကွက်ဂျာ နယ်-၆၆၅ တွင် မမျှော်လင့်ဘဲ ဖတ်လိုက်ရသည်။ သေခြင်းတရားသည် ကိုယ်ယောင်ဖျောက်နေရာမှ ရုတ်တရက် ကိုယ်ထင်ပြကာ သူ့ကိုဆွဲခေါ် သွားခဲ့သည်။
တကယ်ဆို သူ့လုပ်ငန်းတာဝန် တွေမပြီးတတ်သေး။ ဆေးမခြောက်သောပန်းချီ၊ မင်မခြောက်သေးသော စာတို့ရေးလက်စတန်းလန်း ရှိနေခဲ့ပါလိမ့်မည်။ လမ်းခုလတ်တွင် ကိုယ်လွတ်ရှောင်ခွာ ရုန်းခဲ့ပါ၍ အားနာခဲ့ကြောင်း ပြောပါလေဆိုတာလို သူ့နောက်ဆုံး နှုတ်ခွန်းဆက်စကားကို နားထဲမှာ ကြားယောင်နေမိပါသည်။
သန်းထွန်း(စကု)
No comments:
Post a Comment