10 January 2013

အောက်ကျောင်းမြစေတီနှင့် မင်းဘူးဖြူ ဒေသဆီသို့

အောက်ကျောင်းမြစေတီနှင့် မင်းဘူးဖြူ ဒေသဆီသို့

မန်းရေနံမြေ အရှေ့ဂိတ်မှ ဝင်လျှင် ကြာကန်ကျေးရွာသို့ ဦးစွာ ရောက်သည်။ အောက်ကျောင်း ကြာကန်ဟု တွဲ၍ခေါ်ကြသည်။ ကြာကန် ကိုကျော်မှ အောက်ကျောင်းကျေးရွာ ကိုရောက်သည်။ အောက်ကျောင်း ကျေးရွာသည် အေးမြရွာ၊ နန်းဦးရွာနှင့် မယ်ဘေ့ကုန်းရွာအပါအဝင် မယ်ဘေ့ကုန်း ကျေးရွာအုပ်စုဝင် ဖြစ်၏။ အိမ် ခြေ ၁၅ဝ ဝန်းကျင်။

ဘုရားအဝင်လမ်းတစ်လျှောက် မှာတော့ သစ်ပင်များက တန်းစီစွာ ဖြင့် အုပ်အုပ်ဆိုင်းဆိုင်းရှိနေ၏။ ထ နောင်း၊ မန်ကျည်း၊ ကုက္ကိုနှင့် စိန်ပန်း ပင်များ။ ဘုရားဝိုင်းအဝင်မုခ်ဦး၌ အောက်ကျောင်း သမုဒ္ဒဂီရိမြစေတီ ဟု ကမ္ပည်းရေးထိုးထားပါ၏။ ဘုရား ပရဝုဏ်အတွင်းသို့ မဝင်မီ ခက်လက် ဝေဖြာ စိမ်းမြစွာရှိလှသော သက်ရင့် ထနောင်းပင်ကြီးအောက်တွင် အရိပ် ခိုနား အပန်းဖြေရပါ၏။ စေတီတော် ကြီး၏ ရင်ပြင်တော်ပေါ်ရှိ တိုင်လုံး တစ်ခုတွင် အသံချဲ့စက် နှစ်လုံး တပ်ဆင်ကာ ၁၅ မိနစ်တစ်ကြိမ် နာရီသံ ထုတ်လွှင့်ပေးသော ဂေါပကအဖွဲ့ အစီအစဉ်ကြောင့်ပြုံးမိခဲ့ရသေးသည်။ ထူးခြားပေသည်ကိုး။


ဘုရားဝိုင်းထဲသို့ မရောက်မီကပင် စေတီတော်ကြီးကို ဦးခိုက်ပူဇော် ခွင့်ရပြီး ဘုရားဝိုင်းထဲသို့ ရောက်သောအခါ လက်ယာရစ် လှည့်ပတ်ကာ အရံစေတီများနှင့်တကွ အောက်ကျောင်း သမုဒ္ဒဂီရိ မြစေတီတော်ကြီးကို အားပါးတရ တဝကြီး ဖူးမြော် လိုက်ရပါတော့သည်။ ဘုရားဝိုင်း အတွင်းလှည့်လည် ကြည့်ရှုရာ ပင်မ တန်ဆောင်းတောင်ဘက်ရှိ ဓမ္မာရုံ အတွင်းကို ရောက်၏။ ထူးခြားသည်က ဆရာတော် အဆက်ဆက်တို့၏ ပကတိ ကိုယ်ခန္ဓာအရွယ် ရုပ်တု တော်များကို ကြည်ညိုပူဇော်နိုင်သလို အထက်နံရံများက ပန်းချီကားတို့မှာ လည်း ထူးခြားပေစွ။ သံဝေဂရဖွယ်၊ အတုယူဆောင်ရွက်ဖွယ် ဗနိုင်းဖြင့် ပုံဖော်ရေးဆွဲပြသထားသည်က ကော သလအိပ်မက် တစ်ဆယ့်ခြောက်ချက် သရုပ်ဖော်ပန်းချီကားများဖြစ်ပါ၏။

မကွေးတိုင်း ဒေသကြီး၊ မင်းဘူးမြို့ အနောက်မြောက်ဘက်၊ အောက်ကျောင်းကျေးရွာ၏ တောင်ဘက်မှာ တည်ရှိသော သမုဒ္ဒဂီရိမြ စေတီ သမိုင်းကြောင်းကို မောင်ခက် ကျူ(ရွှေစကု)က ၂ဝဝ၁ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ ထုတ် ဈေးကွက်ဂျာနယ် အမှတ် -၂၃၉ တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါ၏။

မဟာပုဏ်မထေရ် ဒုတိယ သီတင်းသုံးရာ ဌာနဖြစ်၍ အရံစေတီ တော်များနှင့်တကွ စေတီတော်ကြီးကို တည်ထားခဲ့ခြင်းဖြစ်ပါ၏။

မြစေတီတော်ကြီး၏ ထူးခြား ချက်များမှာ-

၁။ အသီတိသာဝက ရှစ်ကျိပ်တွင် အပါအဝင် မဟာပုဏ် မထေရ်မြတ်က မြတ်စွာဘုရားရှင်ကိုယ်ပွား မြသား စစ်စစ်၊ ရွှေသား စစ်စစ် ဆင်းတုတော်များ၊ ဓာတ်တော်များကို အဓိဋ္ဌာန်ပြုရရှိ၍ ကိန်းဝပ်စံပယ်ခဲ့ရာမှ မင်းအဆက်ဆက်၊ သမိုင်းအဆက်ဆက် တည်ရှိတော်မူသည့်ထူးခြားအံ့ဖွယ် စေတီတော်ကြီး တစ်ဆူဖြစ်ခြင်း

၂။ စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော်၏ ဒုတိယ ပုံတော်ပွား စေတီတော်တစ်ဆူဖြစ်ခြင်း

၃။ စေတီတော်ကြီးကို အာရုံညွတ် အဓိဋ္ဌာန်ပြု ဖူးမြော်ဆုတောင်းပါက အမှန်တကယ် ဆုတောင်းပြည့်သော စေတီတော်ဖြစ်ခြင်း

၎။ ၉၉ တံခါးပါ အံ့မခန်း ကြီးမား သော ဖောင်တော်ဦးကျောင်းတော် ကြီး ရှိခြင်း

၅။ ထူးခြားသော အစောင့်အရှောက် ပုဂ္ဂိုလ်ထူးများရှိနေခြင်း

၆။ သုနာပရန္တတိုင်းဌာနကြီး လေးဌာနတွင် ဒုတိယနေရာ ဖြစ်ခြင်းစသည့် တို့မှာ ဤစေတီတော်ကြီး၏ အလွန်ထူးခြားသော အချက်များပင်တည်း။

မဟာပုဏ် မထေရ်မြတ်ဟာ ဒုတိယနေရာဖြစ်တဲ့ သမုဒ္ဒဂီရိ ကျောင်းရာအရပ်ကနေပြီး ကမ္မဋ္ဌာန်း တရားအားထုတ်တော်မူတယ်။ ဒီအရပ်ရဲ့ သယံဇာတဖြစ်တဲ့ သံချွန်၊ သံဆူးလိုချွန်ထက်တဲ့ ကျောက်ဆူး၊ ကျောက်တုံးတွေနဲ့ ဝန်းရံပိုင်းခြားမှုနဲ့ စင်္ကြန်လမ်းက ဖြစ်ပေါ်နေတယ်။ ဒီလိုမျိုး စင်္ကြံလမ်းကို တစ်စုံတစ်ယောက် သောသူဟာ သွားလာခြင်းငှာ မစွမ်းသာပါဘူး။ ရှေးအခေါ် သမုဒ္ဒရာ (ယခု မြစ်ကြီးဧရာဝတီ)ရဲ့ ကြီးမားသော လှိုင်းတံပိုးတို့ဟာ ပြေးလွှား ဝင်ရောက်လာပြီး သံချွန်အသွင်ရှိနေ သည့်ကျောက်ဆူး၊ ကျောက်တုံးတို့ကို ရိုက်ခတ်လို့ ဆူညံသည့် အသံတွေ ဖြစ်ပေါ်လာစေပါတယ်။ ဒီအခါ မထေရ်မြတ်ဟာ ကမ္မဋ္ဌာန်း တရားပွားများ အားထုတ်စေဉ်မှာပဲ ဆူညံသော အသံများ ငြိမ်သက်နေပါစေ သတည်းလို့ အသံများ ငြိမ်သက်နေ အောင် အဓိဋ္ဌာန်ပြုပြီး တရားအား ထုတ်တော်မူပါတယ်။

သမုဒ္ဒဂီရိ အရပ်ဟာ ထူးကဲ မွန်မြတ်သန့်စင်တဲ့ အောင်မြေအရပ်ဒေသ ဖြစ်ကြောင်းကိုလည်း မဟာပုဏ် မထေရ်မြတ်ဟာ ကနဦးထဲက သိရှိ ပြီးဖြစ်ပါတယ်။ ဒါကြောင့်နောင် သောကာလမှာ သာသနာတော် နေရောင်၊ လရောင်ပမာ ထွန်းလင်း တောက်ပလာစေဖို့ အရေးမျှော်တွေးပြီး မြတ်စွာဘုရားသခင်ကိုယ်စား မြသားအစစ် နိမ္မိတဆင်းတုတော်ကို ဌာပနာပြီး ကိန်းဝပ်စံပယ် တည်ထား ကိုးကွယ်တော် မူခဲ့ပါတယ်။ အဲဒီက စပြီး အောက်ကျောင်းတော်ရာရှိ သမုဒ္ဒ ဂီရိမြစေတီတော်ကြီးဆိုတဲ့ ဘွဲ့အမည် တွင်ခဲ့တာပါ''ဟု အဋ္ဌကထာ ဆရာ ၏အဆိုအရ အထောက်အထားပြုပြီး ပြောပြပါသည်။

''အောက်ကျောင်းတော်ရာလို့ ခေါ်တွင်ရတဲ့ အကြောင်းကတော့ အရှင်ဓမ္မာစာရ ပြုစုရေးသားတဲ့ စန္ဒ ကူးနံ့သာ ကျောင်းတော်ရာ စေတီ တော်သမိုင်းမှာ ပထမနေရာဖြစ်တဲ့ (ရေပုတ်ရွာ)ရွှေမြင်တင်ဘုရားကို အထက်ကျောင်းတော်ရာ ဘုရားလို့ ခေါ်တွင်ပြီး ဒုတိယနေရာဖြစ်တဲ့ အောက်ကျောင်း ကြာကန်ရွာဘုရား ကို အောက်ကျောင်းဘုရားလို့ ခေါ် တွင်တယ်ဆိုပြီး အခိုင်အမာ ရေးသား ထားတယ်ဗျ။ ဒါကြောင့် မဟာပုဏ် မထေရ်သီတင်းသုံးရာ သမုဒ္ဒဂီရိ ကျောင်းနေရာကို အောက်ကျောင်း တော်ရာ၊ အောက်ကျောင်းနေရာအဖြစ် ခေါ်ပြီး အဲဒီအနီးက ရွာကိုလဲ အောက်ကျောင်းကျေးရွာလို့အစဉ် အဆက် အသိအမှတ်ပြု ခေါ်တွင် ခဲ့တာပါပဲ''ဟု မောင်ခက်ကျူ(ရွှေ စကု)က ရှင်းပြခဲ့ဖူးပါ၏။

အောက်ကျောင်းရွာတွင် ညအိပ်စဉ် ထိုညက ဥပုသ်နေ့ဖြစ်၍ အမျိုးသား ယောဂီဝတ် အသင်းများက ရွာလယ်ဇရပ်တွင် ပရိတ်တရားတော်များကို ရွတ်ဖတ်ကြတာတွေ့ရသည်။ လူကြီး၊ လူလတ်၊ လူငယ် စုစုပေါင်း ၂ဝ ဦးခန့်ရှိမည်။ ဝတ်အသင်းခေါင်းဆောင်အဖြစ် ဦးခင်ဝင်း၊ ဦးဝင်းငွေတို့က ဆောင်ရွက်၍ လူငယ်များကို လက်တွဲခေါ်လျက် ရှိ၏။ မနေ့က အဖိတ်နေ့ညမှာ ဒေါ်ခင်ငြိမ်း၊ ဒေါ်စန်းရင်တို့ဦးဆောင်သော အမျိုးသမီး ဝတ်အသင်းက ရွတ်ဖတ် ခဲ့ကြောင်းလည်း ပြောပြပါ၏။ အမျိုး သမီးအဖွဲ့လည်း၂၅ ဦးခန့် ရှိသည်ဆို တော့ အင်အားမသေးလှချေ။

ဧရာဝတီ မြစ်ရေလျှံသော နှစ်များတွင် အောက်ကျောင်းကျေးရွာအထိ ရေလွှမ်းတတ်ကြောင်း၊ ဤနယ်ဝန်း ကျင်တစ်ဝိုက် မန်းကျိုးကျေးရွာနှင့် ရွှေလှေကျေးရွာတို့တွင် ကျင်းပသော နတ်ကြီးပွဲများသည် အထင်ကရ ကျော်ကြားသလို အောက်ကျောင်း ဗုဒ္ဓ ပူဇနိယ ဘုရားပွဲသည်လည်း သီတင်း ကျွတ်လတွင် နှစ်စဉ် ကျင်းပရာ နယ် လုံးကျွတ်လာရောက်ကြ၍ အထူး စည်ကားကြောင်း ဒေသခံတို့က ပြော ပြပါ၏။

နောက်နေ့ မနက်ပိုင်းတွင်မယ် ဘေ့ကုန်းရွာသို့ ခရီးဆက်ခဲ့ရာ မယ်ဘေ့ကုန်းရွာ တောင်ကျောင်းဆရာ တော်ဦးသုန္ဒရထံသို့ ဝင်ရောက် ဖူးတွေ့ခဲ့၏။ ရွာအတွင်းသို့ ဝင်ရာတွင် ရွာလယ်ဓမ္မာရုံနှင့် မလှမ်းမကမ်းတွင် နေထိုင်သော ကာတွန်းပညာရှင် ဦး ဝင်းချို၊ ဒေါ်စန်းစန်းချိုတို့ကို ရှေးဦးစွာ တွေ့ဆုံနှုတ်ဆက်၏။ ဦးဝင်း ချိုက မင်းဘူးမြို့သို့နေ့စဉ် အလုပ် သွားနေ၍ ပါရမီဖြည့်ဖက် ဒေါ်စန်း စန်းချိုခေါ် မဒမ်ဝင်းချိုနှင့်သာ တွေ့ရ၏။ မင်းဘူးစကုမြို့နယ် စာပေနှင့် စာနယ်ဇင်း အဖွဲ့တွင် အဖွဲ့ဝင်ပေါင်း ၃ဝ ကျော်ရှိသည့်အနက် ထူးထူး ခြားခြားအဖြစ် ကာတွန်းပညာရှင်နှစ်ဦး လည်းပါဝင်ခဲ့၏။ တစ်ဦးမှာ မင်းဘူး မြို့မြောက်ဘက် သူဌေးကုန်းရပ်ကွက်မှ ဦးမောင်အေး (ကာတွန်းမောင်အေး၊ ဖရုံသီး၊ ဖရဲသီး)ဖြစ်ပြီး၊ နောက် တစ်ဦးမှာ မယ်ဘေ့ကုန်း ကျေးရွာမှ ဦးဝင်းချို(အောင်ချမ်းမြေ့၊ မင်းဘူး) ဖြစ်ပါ၏။ သူတို့ကား ကာတွန်း လည်းရေး၊ သတင်းများလည်း တင်ပြ ကာ ပန်းချီဆရာများလည်းဖြစ်ကြပါ ၏။

မယ်ဘေ့ကုန်းရွာတွင် နောက်ထပ်တွေ့ဆုံခဲ့သူမှာ ဆရာဦးကျော်စိန်ဝင်း (သို့မဟုတ်) တော်အဲရာ။ သူက မယ်ဘေ့ကုန်းရွာ စာသင်ကျောင်းနှင့် မျက်နှာချင်းဆိုင် လမ်းတစ်ဘက်တွင် နေသည်။ ကျွန်တော့်မိတ်ဆွေဆရာကြီး ဦးကျော်စိန်ဝင်း၊ ဆရာကတော် ဒေါ်ချစ်ချစ်နေအိမ်တွင် ပန်ထွာ ဂယ်လာရီ ဖွင့်လှစ်ထားရုံမက အသေး စားပြတိုက်အတွင်း ရောက်ရှိသွားသည့်နှယ်။ ပျူခေတ်လက်ရာအုတ်ချပ်၊ ပုတီးစေ့၊ မြေအိုး၊ မြေဆေး တံများ၊ ပုဂံခေတ်ရှေးဟောင်း အုတ် ချပ်နှင့် အခြားပစ္စည်းတချို့ သူ့ထံတွင် စုစုဆောင်းဆောင်း ရှိနေသည်။ ပုရပိုက်၊ ပေစာမှအစ ရှေးဟောင်း စာအုပ်စာတမ်းများလည်း ကြည့်ရှု နိုင်သည်။ သူ့အိမ်မှာ ပြတိုက်လေးသဖွယ် ပြသထားသကဲ့သို့ ပုဂံပြ တိုက်တို့တွင်လည်း ဦးကျော်စိန်ဝင်း အမည်ဖြင့် သီးသန့်ပြခန်းတစ်ခု ဖွင့် လှစ်ထားလျက်ရှိကြောင်း ဆရာက ပြောပြပါသည်။

''၁၉၉၅ ခုနှစ်မှာ ဆရာကြီး ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)ဆီက ဆက်သွယ်လာလို့ မင်းဘူး ပျူဒေသ တွေကို လိုက်လံပို့ဆောင် ပေးခဲ့ရဖူးပါတယ်''ဟုလည်း ရှင်းပြပါ၏။

၎င်းတို့ရောက်ရှိလေ့လာခဲ့သော နေရာများမှာ ပျူရွှေထည်၊ ရွှေပုတီးစေ့များ တွေ့ရှိရသော မင်းဘူးမြို့ မြောက်ဘက် ငါးမိုင်ကွာ မယ်ဘေ့ ကုန်းပတ်ဝန်းကျင် အုတ်ရိုးများ၊ ပျူအရိုးအိုးများ မြုပ်နှံထားသည့် နေရာများ။

ပုတီးစေ့များ၊ အစိမ်းရောင် ဆင်ရုပ်၊ ပုတီးစေ့သလင်းဖြူ၊ ဆင်ရုပ် ပုတီးစေ့၊ အစိမ်းရောင် ကျောက်များ၊ ရွှေထည်များ တွေ့ရှိသော မယ်ဘော့ ကုန်းရွာမြောက်ဘက် တစ်မိုင်ခန့် အကွာ အလမ္ပာယ်ရွာပတ်ဝန်းကျင် မှ အိုးခွက်ပြုလုပ်ရာနေရာ။

ရွှေထည်ပစ္စည်း၊ အိုးကွဲနှင့် ပျူအုတ်ချပ်များ တွေ့ရှိသော မင်းဘူးမှ ငါးမိုင်ကွာ၊ မယ်ဘေ့ကုန်း အနောက်ဘက် တစ်မိုင်ခွဲခန့်အကွာ ဇရပ်ကြီး ကျေးရွာပတ်ဝန်းကျင်နေရာ။

ရွှေပုတီးစေ့၊ အိုးခြမ်းကွဲ၊ ပျူအုတ်ချပ်၊ပျူအရိုးအိုးနှင့် ပျူဒင်္ဂါးများ တွေ့ရသော မင်းဘူးမှ မြောက်ဘက် ရှစ်မိုင်အကွာ၊ ဇရပ်ကြီးရွာ အနောက် မြောက်ဘက်သုံးမိုင်ခန့် အကွာရှိ ရေ ပုတ်ရွာနေရာ။

ပုတီးစေ့၊ ပျူအုတ်ကုန်းနှင့် ရွှေထည်များတွေ့ရသော မင်းဘူးနှင့် အနောက်လေးမိုင်အကွာ မင်းဘူး- အမ်း ကားလမ်း၏ တောင်ဘက်ရှိ ကုန်းသာယာရွာ၏ တောင်ဘက်နေ ရာ။

ရွှေ၊ ကျောက်၊ ပုတီးစေ့များ တွေ့ရသော မင်းဘူးမှ မြောက်ဘက် နှစ်မိုင်ခန့်အကွာ ဧရာဝတီမြစ်ကမ်း ဘေးရှိ ရွာသာရွာ ပတ်ဝန်းကျင်နေရာ။

ရှေးခေတ်အိုးကွဲ အကျိုးအပဲ့ များတွေ့ရသော မင်းဘူးမှ မြောက် ဘက်သုံးမိုင်ခန့်လင်ကွာရွာ (အခု မန်းရေနံဂိတ်ဝ)နေရာ။

ပျူအုတ်ချပ်များ၊ ပျူသင်္ချိုင်းရာ၊ ပျူဒင်္ဂါးများ တွေ့ရသော မင်းဘူး အနောက်တောင်ဘက် ခုနစ်မိုင်ကွာ မောင်းမကန်ကျေးရွာ မြောက်ဘက် ပွဲသာကုန်းဝန်းကျင် နေရာတို့ကို လိုက်ပါပြသကြည့်ရှုခဲ့ကြရကြောင်းလည်း ဆရာကထပ်မံပြောပြပါ၏။ ရောက်ရှိသော နေရာများနှင့် တွေ့ရှိသော ပစ္စည်းများ အကြောင်းကိုလည်း ဆရာကြီး ဦးမောင်မောင်တင် (မဟာ ဝိဇ္ဇာ)က ၁၉၉၈ ခုနှစ်၊ အောက်တို ဘာလထုတ် မြက်ခင်းသစ် မဂ္ဂဇင်း အမှတ်- ၁ဝ၂၊ စာမျက်နှာ ၅၇ တွင် သုနာပရန္တမှ ပျူဒေသများ ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်ဆိုပါ၏။

ဆရာသည် သုနာပရန္တတိုင်း အပါအဝင်ဖြစ်သော မကွေးတိုင်းဒေ သကြီး၊ မင်းဘူး၊ စကု၊ စလင်း၊ ပွင့်ဖြူ၊ ဆင်ဖြူကျွန်းမြို့နယ်၊ မင်း ဘူးဒေသ၊ တစ်နည်းအားဖြင့် အနောက်လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၈ မိနစ်၊ အရှေ့ ၉၅ ဒီဂရီ ၁ဝ မိ နစ်အတွင်း။ တောင်မြောက် တောင် လတ္တီတွဒ် ၁၉ ဒီဂရီ ၅၃ မိနစ်၊ မြောက် ၂ဝ ဒီဂရီ ၁၉ မိနစ်အတွင်း (၆၄၂-၇ဝ စတုရန်းမိုင်ရှိ) နယ်တွင် ပျူဒေသမှ တွေ့ရတတ်သော ရွှေ ပစ္စည်း၊ ရွှေဒင်္ဂါး၊ ရွှေပုတီးစေ့၊ ရွှေ လက်ကောက်၊ ရွှေလက်ကြပ်၊ ဆင်ရုပ်၊ ဖားရုပ်၊ ကျားရုပ်၊ မကာရ်း ရုပ်စသော ကျောက်ရောင်စုံ အစိမ်း၊ အစိမ်းနု၊ အဝါ၊ အဝါနု၊ သလင်းဖြူ၊ အဖြူ၊ အနက်ကျားပုတီးစေ့၊ အုတ် ချပ်ပုံစံအမျိုးမျိုး၊ အုတ်ချပ်ကြီးများ (ရုပ်ကြွပုံများနှင့်)ပျူအရိုးအိုး၊ အကြီး၊ အသေး အမျိုးမျိုး၊ အရေး အစင်း အမှတ်အသားပါအုတ်၊ အင်္ဂတေရုပ် ကြွများ(ပွင့်ဖြူ ကျောက်စာပါ ကျောက်ခုံး)စသည့် တန်ဖိုးမြင့် သမိုင်း ဆိုင်ရာ အထောက်အထား အချက် အလက်တို့ကို ကျော်စိန်ဝင်း(မင်းဘူး) အမည်နှင့် မင်းဘူး- ပျူဒေသ သုတေသန စာတမ်း အဖြစ် စာတမ်း တစ်စောင်ကိုလည်း ရေးသားပြုစုနိုင် ခဲ့ပါသည်။ဂုဏ်ယူဖွယ် သတင်းများက ခရီးသည်အတွက် အပန်းပြေစရာ။

မယ်ဘေ့ကုန်းကျေးရွာ၏ ထူး ခြားမှုအဖြစ် နံနက်ခင်း ဝေလီ ဝေ လင်းဈေးတန်းလေးကို တွေ့ရသည်။ အရုဏ်ကျင်း၍ အလင်းသို့ မရောက်မီ ငါးနာရီအချိန်ခန့်မှ စ၍ ရွာလယ် ဓမ္မာရုံအနီး လောကပြတင်းစာကြည့် တိုက် ရှေ့လမ်းဘေးနေရာများတွင် ဈေးသည်မျိုးစုံတို့ အသံက ဆူဆူညံညံ။ နံနက်မိုးလင်းသည်နှင့်ခင်းကျင်း ရောင်းချကြသော ကုန်တွေမှာ မရှိတော့သလောက် လျော့နေပါပြီ။ ခရမ်းသီး၊ ဘူးသီး၊ ဖရုံသီး၊ ငရုတ်သီး၊ ဘူးရွက်၊ ဖရုံရွက်၊ ချဉ်ပေါင်ရွက် တို့မှာ လတ်လတ်ဆတ်ဆတ် ထွား ထွားကျိုင်းကျိုင်း ရွှန်းရွှန်းဖတ်ဖတ်။

ပင်ရင်းရောင်းချသူတို့ထံမှ တစ် ဆင့်ခံ ဖောက်သည်အဖြစ် ဝယ်ယူကာ အေးမြ၊ နန်းဦး၊ အောက် ကျောင်း၊ ကြာကန်၊ အလမ္ပာယ်၊ မန်း ကျိုး၊ ကျွဲကျ၊ ခြင်ထောင်၊ ကျောက် စံကျေးရွာများသို့ လှည့်လည် ဖြန့်ဖြူး ရောင်းချပေးသည်လေ။

ထိုကျေးရွာအများစုမှာ မန်းရေ နံမြေနှင့် ထိစပ်နေသည်ဖြစ်၍ မန်းရေ နံမြေဝန်ထမ်းများ ရွာတိုင်းတွင်ရှိ လေ၏။ အဝီစိစက်ရေတွင်းများရှိ၍ သောက်ရေအဖို့ ပူစရာမလို။ မန်းရေ နံမြေဌာနအတွက်ဆိုလျှင်လည်း မန်း ချောင်းရေကို စုပ်ယူဖြန့်ဝေပေးသော စက်ရုံကို တည်ဆောက်ထားပါ၏။ ထိုစက်ရုံအနီးမှ အတန်ငယ် သွား လျှင် အကျယ် ၁၄ ပေ ၆ လက်မ၊ အလျား ၃၆ဝ ပေ၊ တန်ဖိုးသိန်း ၃ဝ ကျပ်၊ ခံနိုင်ဝန် ၄ဝ တန်ရှိ ကျွဲကျ၊ ခြင်ထောင် ကျေးရွာအဝင် သံထည် ဘောင်ကြီးများဖြင့် ၁၉၇၅ ခုနှစ်က ခံ့ညားစွာ တည်ဆောက်ခဲ့သော မန်းချောင်းတံတားကြီးကို တွေ့ရပါ၏။ နှစ်ပေါင်း ၃ဝ ကျော် ကြာမြင့်သော် လည်း ပကတိ ခိုင်ခံ့လျက်ပင် ရှိနေ ပါသေးသည်။

မန်းရေနံကွင်းအတွင်းနှင့် လမ်း ဘေးနေရာတချို့မှာတော့ ၂၄ နာရီ ပတ်လုံး လည်ပတ်ပြီး ရေနံထုတ် လုပ်ပေးနေသော မောင်းတံ ဒလက် ကြီးများ၏ လှုပ်ရှားမှုကို တွေ့မြင်နေ ရပါ၏။ နှစ်ပေါင်းများစွာ ကြာမြင့် ခဲ့ပြီဖြစ်သော မန်းရေနံမြေဒေသ ရေနံထုတ်လုပ်ရေးက ဤဒေသဝန်းကျင်တွင် ကုန်ဆုံးခန်းခြောက်သွား သည်ဟူ၍မရှိသေး။ နေရာ အပြောင်းအလဲ ထွက်ရှိမှု အနည်း၊ အများ ကွာခြားမှုကလွဲ၍ ရေနံမြေဟူသော အမည်သည် ယနေ့တိုင် ထင်ရှားနေ ဆဲပင်။

မန်းရေနံမြေနှင့် တစ်ဆက် တည်းထိစပ်နေသော မြေလွှာတို့မှာ လယ်စိုက်ကွင်းထက် ယာကွက်၊ ကိုင်းကွက်မြေအဖြစ်သာ အသုံးပြု နိုင်ကြရာ၏။ ထိုမြေလွှာတို့မှာ မြေနီ၊ မြေဝါတို့သာများပြားပေစွ။ နှမ်း၊ ဝါ၊ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် အခြားကောက်ပဲ သီးနှံတို့မှလွဲ၍ မစိုက်ပျိုးနိုင်ကြ။ ကျေး ရွာအတော်များများမှာတော့ သနပ်ခါး ပင်များကို နေအိမ်ဝိုင်း၊ ကျောင်းဝိုင်း များအတွင်း စိုက်ပျိုးကြတာတွေ့ရ သည်။ ဖြစ်လည်းဖြစ်ထွန်းပါသည်။

ဤနေရာနယ်မြေဒေသ အဝန်း အဝိုင်းက ရေနံထုတ်လုပ်ရေး လုပ်ငန်းခွင်အတွင်းမသမာသူတို့၏ ခိုးယူမှု ဖြစ်ပေါ်မလာစေရန် လုံခြုံရေးသည် အဓိကကျမည်ဟု တွေးမိသည်။ အပြန်ခရီးတွင်မူ ''ယာခင်းကိုင်းခင်း တွေမှာချုံနွယ်ပိတ်ပေါင်းလို ရှင်သန် ကြီးထွားတတ်တဲ့ ဝါပင်၊ ပဲစင်း ငုံပင်တို့ကို စိုက်ပျိုးတာဟာ လုံခြုံရေးကို အနှောင့်အယှက် ပေးသလို မသမာသူတို့ရဲ့ အကာအကွယ်လဲ ဖြစ်လို့ဆိုပြီး သက်ဆိုင်ရာက အဲဒီသီးနှံ မျိုးကို သိပ်ပြီး စိုက်ပျိုးခွင့် မပြုချင် ဘူးဗျာ''ဟူသော ဒေသခံ တောင်သူ တို့၏ စကားသံကို နားထဲမှာ ပြန်လည်ကြားယောင်နေမိပါတကား။
မောင်ပြုံးချို(စကု)

source: http://www.zaygwet.com/literature.php?id=253

No comments:

Post a Comment