10 January 2013

အလွမ်းပြေ ပခန်းမြေ

အလွမ်းပြေ ပခန်းမြေ

ရေစကြို
နေခိုစဉ်ဟိုကာလဆီက
ဘဝတစ်ကွေ့
ခဏအတွေ့။
မောင်ပန်စင်
ထေရ်ရှင်ကို
ရော်ကာရမ်းလိုက်ကဲ့
အညာမြေသာစခန်းကို
လွမ်းလျက်မမေ့။

လွန်ခဲ့သည့် ဆယ်နှစ်လောက်က ရေစကြိုမှာ တာဝန်ကျခဲ့သည်။ စာပေနယ်ကို ကဗျာဖြင့် လျှောက်လှမ်းလာခဲ့သော ကျွန်တော့်အဖို့ မဂ္ဂဇင်း စာမျက်နှာများပေါ်တွင် မမြင်ဖူးသေးသော ရေးဖော်ရေးဖက်များ ရှိလာခဲ့ပါသည်။


ယင်းတို့အထဲတွင် ကဗျာဆရာ မောင်ပန်စင် (ရေစကြို)လည်း တစ်ဦး အပါအဝင်ဖြစ်ပါသည်။ ရေစကြို ရောက်တော့ လွန်ခဲ့သည့် နှစ်လေး ဆယ်လောက်က အာရုံထဲမှာ သိမ်းဆည်းထားခဲ့သော ကဗျာရေးဖော် ရေး ဖက်များကို ပြန်လည် မိတ်ဖွဲ့ မိတ်ဆက်ဖြစ်သည်။ မောင်ပန်စင်(ရေစကြို)ကို သာသနာ့ဝန်ထမ်း ရဟန်းတော် တစ်ပါးဖြစ်ကြောင်း ရေစကြို မြေကို ရောက်မှ သိလိုက်ရသည်။ ကျောက်ဆစ်လက်ရာရှင်တွေ စုဝေးရာ တောင်ဦးရွာတွင် သီတင်းသုံးသည်။ တင်ဝင်း(ရေစကြို)ကို အဖော်ပြုလျက် တောင်ဦးကို အရောက်သွားခဲ့သည်။ သည်နေ့က အဖြစ်အပျက်သည် ဘဝတစ်ကွေ့တွင် မမေ့ရက်စရာ ထူးထူးခြားခြား ကြုံခဲ့သည်။ ကျောင်းအောက်တွင် တွေ့ရသော စောင်းအိုတစ်လက်ကို အကြောင်းပြု၍ သုခုမ ရပ်ဝန်းလေးတစ်ခု တစ်ခဏချင်း ဖန်တီးဖြစ်ခဲ့သည်။ ရွာထဲက အနုပညာသမား ဦးလှသွင်က စောင်း၊ ဦးသာအေးက ပလွေ၊ ဦးကျော်ညွန့်က ဝိဇ္ဇာတောလား၊ မြမန်း ဂီရိ၊ ကျွန်တော်ကလူမနော၊လျှပ်ပန်း ခွေနွဲ့၊ ဆရာတင်ဝင်းက လက်ဖျောက် တီးကာ၊ စည်းဝါးလိုက်ကာ ဝိုင်းက လေး စည်စည်ကားကား။

ကျွန်တော်ရှိစဉ်က ရေစကြိုမြို့နယ် မဂ္ဂဇင်းထုတ်ဖြစ်ခဲ့၏။ ကျွန်တော်ရန်ကုန်ရောက်တော့မှ မဂ္ဂဇင်း ထွက်လာခဲ့သည်။ မဂ္ဂဇင်းထဲမှာ မောင်ပန်စင်၏ ကဗျာတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ ကဗျာအမည်ကို ထနောင်းရိပ်က ဗေလုဝတို့ဟု အမည်ပေးထားသည်။ အဲသည်တုန်းက သီချင်းဆိုခဲ့သော ကျွန်တော့်ဟန်ပန်ကို အောက်ပါကဗျာ တစ်ပိုဒ်ဖြင့် မှန်ထောင်ပြခဲ့သည်။

ဆရာတင့်ထွန်း၊ မျက်နှာရွှန်းမြ
သီချင်းလည်းညည်း၊ စည်း လည်းတီးလျက်
သူ့စည်းတီးချက်၊ ဒူးနှင့်လက် တည့်
ယှဉ်ဖက်ခေါင်းလှုပ်၊ ရုပ်သေး ရုပ်သို့
တီးမှုတ်သံသာ၊ နုပညာကို
ရင်မှာစွဲနစ်၊ သူလွန်ချစ်၏
မပြစ်နိုင်ရှာ၊ ဗီဇအနုပညာ။

အနုပညာဝိုင်းက ပျော်ရွှင်မှုလေးသည် တစ်ခဏချင်း ကြေမွပျက်စီးသွားခဲ့သည်။ ဘုန်းကြီး ကျောင်းက ရွာထဲ ထမင်းစားရန်အပြန် တယ်လီ ဖုန်းသတင်းဆိုးက နောက်က လိုက်လာသည်။ ရေစကြိုက ပြောင်းရမည်တဲ့။ ဘဝင်မှာနင့်ကာ ဆို့ခဲ့ရသည်။ ထို့ကြောင့် ရေစကြို အကြောင်းတွေးမိလျှင် တောင်ဦးရွာက မောင်ပန်စင်ကို ခုနစ်စင် အမျှင်တန်းခဲ့ရသည်။ ရန်ကုန်ရောက်တော့ ရေစကြိုက လူကြုံတပည့်များနှင့် မောင်ပန်စင်အတွက် အချိုးကဗျာလေး တစ်ပိုဒ် ပါးဖြစ်လိုက်သည်။

ဤသို့ဤနှယ် သံယောဇဉ် တွယ်ခဲ့သော ရေစကြိုကို ပင်စင်ယူပြီးမှ ရောင်းရင်း တပည့်တပန်းတွေ လက်ကမ်းဖိတ်ကြားချက်ဖြင့် တစ်ခေါက် ပြန်ရောက်ဖြစ်သည်။ မှာထားအလားသင့် ဆိုသလို ဆရာချစ်ဦးညို၊ နေဝင်၊ မြင့်တို့ ဟောပြောပွဲနှင့်လည်း တိုက်တိုက်ဆိုင်ဆိုင်။

ရေစကြို ရောက်ရသည်မှာ ဟိုစဉ်တုန်းကနှင့်မတူ။ ထိုစဉ်က ကိုယ့်ပုခုံးပေါ်မှာ တာဝန်ထမ်းပိုးကြီး တင်လျက်။ ယခုတော့ လွတ်လွတ် လပ်လပ်၊ ပေါ့ပေါ့ပါးပါး။ ရောက်တုန်းရောက်ခိုက် တောင်ဦးကို တစ်ခေါက်ပြေးပြီး မောင်ပန်စင်ကို ဦးတိုက်ခဲ့၏။ နောက်ရက်မှာ ချောင်းဦး အထွက်လမ်း အတွင်းပိုင်းက ကမ်းဖြူရွာ။ ကျွန်တော် ရေစကြိုမှာ နေစဉ်က ဒကာရင်း ဆရာရင်းဖြစ်ခဲ့ပြီး သံယောဇဉ် ကြီးမားသော ဆရာတော် ဦးကုဏ္ဍလမှာ ခန္ဓာဝန် ချခဲ့လေသဖြင့် ရုပ်ကလပ်တော်ကိုသာ ပူဇော်ကန် တော့နိုင်တော့သည်။

အလာကောင်းသော ဆရာဟောင်း ရောက်နေသည်ကြား၍အခါ မနှောင်းခင် တပည့်ဖြစ်သူ ပခန်းငယ် စာရေးမ မခင်ဝင်းကြည် ကားနှင့်လာ ကြိုပြီး ရွာကိုခေါ်၏။ ကားပေါ်မှာ လိုက်လာရင်း ဒေါက်တာသန်းထွန်း ဘာသာပြန်သည့် 'အရင်ဧကရာဇ်- အခုလူ' ဆိုသည့် စာအုပ်ကို မဆီမဆိုင်သွားပြီး သတိရမိ၏။ အရင်တုန်းက ယခုလိုရွာသွားလျှင် သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ တစ်ပါတည်းခေါ်၊ ရွာလူကြီးတွေက စောင့်၊ အစည်းအဝေးတွေလုပ်၊ ကွင်းဆင်းကြည့်၊ လိုအပ်တာတွေ ညွှန်ကြား။ စသည်တွေ လုပ်ခဲ့ရသည်။ ခုတော့ လွတ်လပ်ပေါ့ပါး အရပ်သား။

အငြိမ်းစားယူပြီး ခရီးထွက်ရသည့် အရသာ အခုမှ တွေ့တော့သည်။ မခင်ဝင်းကြည်တို့ အိမ်က ကျွန်တော် ရေစကြိုမှာ ရှိတုန်းက ချင်းတွင်းမြစ် နံဘေးမှာ ရှိခဲ့သည်။ ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ပေသုံးဆယ်ကျော် ကမ်းပြိုခဲ့လေရာ သူတို့အိမ်မှာ ရွာအနောက်ဖျားသို့ ရောက်လာခဲ့လေသည်။

မြန်မာ့သမိုင်းစဉ်တွင် အုပ်ချုပ်သူ မင်းကပင် ရိုသေခံ့ညားသူ မူးမတ်ဆို၍ လက်ချိုးရေတွက်၍ ရသူတွေထဲ ပခန်းမင်းကြီး ဦးရန်ဝေး အပါအဝင် ဖြစ်သည်။ ဦးရန်ဝေးအကြောင်း သိသူများသော်လည်း ဦးရန်ဝေးကောင်းမှု ဖြစ်သည့် ပခန်းငယ် ကျောင်းတော်ကြီး အကြောင်းကိုမူ သိသူနည်းပါးလှ သည်။ ကုန်းဘောင်ခေတ် ဗိသုကာ လက်ရာဖြစ်ပြီး ကျွန်းလုံးတိုင်ကြီးမှာ လူနှစ်ဖက်ခန့်ရှိပြီး တိုင်ပေါင်း ၃၃၂ တိုင်ရှိသည်။ နံသင့် သင်္ချာနည်းဖြင့် 'စိန်စီကျောင်း၊ တိုင်ပေါင်းမှတ်'ဟု သညာထားခဲ့ကြသည်။ လှေကားကြီး နှစ်စင်းမှာ ယနေ့အထိ တွေ့မြင်နိုင်ပေသေးသည်။ သုံးဆင့်လည် ပေါ်မိုး၊ ကျောင်းဦးပြာသာဒ်နှင့် အတွင်းဆောင်မှာ ပလ္လင်နှင့်၊ နောက် နံရံမှာ ပန်းပုလက်ရာတို့ဖြင့် အပြောက် အမွမ်းစီခြယ်ထားခဲ့သည်ဟုဆို၏။ ယနေ့အချိန်တွင်မူ သင်္ခါရ တရား၏ ပြုပြင်စီရင်ခြင်းကို ခံခဲ့ရလေပြီ။ မှတ်တမ်းမှတ်ရာ တိတိကျကျ မရှိသော်လည်း ပခန်းမင်းကြီး ဦးရန်ဝေးက သူ့နန်းဆောင်အတွက် ရည်ရွယ် ဆောက်လုပ်ခြင်း ဖြစ်သည်။ မင်းတုန်း မင်းကို တုပြိုင်တော့မည်စသည့် ကုန်းချောစကားများ ထွက်ပေါ်လာခဲ့သည်။ မင်းတုန်းမင်းကိုယ်တိုင် လာရောက်ကြည့်ရှုတော့မှ သံသယ ပျောက်အောင် ရေစက်ချ လှူဒါန်းခဲ့သည်ဟု အရပ်စကား ပါးစပ်စကားများ ရှိခဲ့သည်။

ပခန်းငယ်၏ မြောက်ဘက်တွင် ချစ်သူရွာရှိသည်။ ကိုကြီးကျော်၏ ချစ်သူ ဇာတိရွာမို့ ချစ်သူရွာဟု ဆိုကြသည်။ ချစ်သူမြစ်ရေတင် စီမံကိန်းမှာ မြန်မာပြည်၏ အစောဆုံးမြစ်ရေ တင်စီမံကိန်းများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ မြစ်ရေတင်မြောင်းထိပ်က ညောင်ပင်ကြီးမှာ 'ခိုစဖွယ် ထိုဝယ်အနီးမှာ၊ မောင်စိုစို ညောင်ညို ကြီးရယ်၊ ထီးဖြန့်သလို' မိုးထားလေသည်။ ချစ်သူရွာနှင့် ဓားလွယ်ခုတ် အရပ်ဘက်မှာ နထိန်းနှင့် စဥ့်ကိုင်ရွာ တို့ရှိသည်။ ပုဂံခေတ် ကျောက်စာတွေထဲမှာ သည်ရွာအမည်တွေ တွေ့ရသည်ကို ထောက်၍ ရွာသက်တမ်းမှာ ရှည်ကြာလှပြီဟု ဆိုရမည်။

ပခန်းငယ်ရှိ မခင်ဝင်းကြည်အိမ်မှာ နံနက်စာစားအပြီး နန်းဦးက တပည့်မ မမြဝင်းကလည်း မျက်နှာ မလိုက်ပါနဲ့ သူ့ရွာကိုလာလည်ပါဦးဟု ဆက်ဖိတ်သည်။ ချင်းတွင်းကို စက်လှေနှင့်ကူးကာ ကူနီနန်းဦးသို့ ချီတက်ကြသည်။ ရေစကြိုမှာ နေတုန်းက နန်းဦးရောက်လျှင် ဝင်နေကျ နတ်ထိန်းကြီး ကိုဖိုးတုတ် အိမ်ကို ဝင်သည်။ ကိုဖိုးတုတ်က နတ်ထိန်း ကြီးဖြစ်သလို ရယက ဥက္ကဋ္ဌလည်း ဖြစ်သည်။ အခုတော့ သူကျန်းမာရေး သိပ်မကောင်းချင်။ ဥက္ကဋ္ဌရာထူးကို သူ့သားသမက်က ဆက်ပြီးတာဝန်ယူ ထားသည်။ ကူနီပွဲကို တပေါင်းလ ဆန်း ၁ ရက်နေ့မှ ၁၅ ရက် နေ့အထိ ကျင်းပသည်။ ကျွန်တော် ရောက်သည့်အချိန်တွင် ဆိုင်ခန်းတွေ၊ တဲတန်းတွေ၊ အကြမ်းဆောက် ပြီးနေလေပြီ။ မီးရေး၊ ထင်းရေးကိစ္စကြောင့် အမိုးအကာ ခွင့်မပြုသေးဟု ပြောသည်။ ရွာနားက ထန်းပင်တွေမှာ အောက်လက်တွေ ချိုင်ထားသဖြင့် ကြည့်ရသည်မှာ ရှင်းနေသည်။ တပေါင်းလဆန်း ၃ ရက်နေ့မှာ ကိုကြီးကျော်သည် ချင်းတွင်းမြစ် ကမ်းရေယာဉ်နန်းသို့ ဆင်းကာ ချိုးတော်ရေသုံးသည်။ တာဝန်ရှိသူ တစ်ဦးအနေဖြင့် ချိုးတော်ရေသုံးသည့် အခမ်းအနားသို့ မဖြစ်မနေ တက်ခဲ့ရသေးသည်ကို ပြန်ပြီးသတိရသည်။ လဆန်း ၅ ရက်နေ့တွင် မယ်တော်ကြီးသည် နတ်နန်းသို့ ကျွဲလှည်းဖြင့် လာသည်ဟုဆို၏။ သားတော်ကို သဘောမတွေ့၊ မျက်နှာကို မကြည့်ချင်သဖြင့် နန်းသို့ လှေကားနောက် ပြန်တက်သည်ဟု အဆိုရှိ၏။

ရေစကြိုကို ပြောင်းလာခါစက ထုံးစံကို မပယ်ချင်သဖြင့် ကိုကြီး ကျော် နတ်နန်းသို့ ဦးတိုက်ခဲ့ရသည်ကို ပြန်ပြီး သတိရနေမိသည်။ ဌာန ဆိုင်ရာ သဘောအနေဖြင့် သတင်းပို့ ရသည်ဟု ပြောရမည်ဖြစ်သည်။ တစ်ခုတော့ ခြားနားမှု ရှိသည်။ ကိုကြီးကျော်ကို သတင်းပို့ရာတွင် လက်ချည်းသက်သက် သွားလို့ရသည်။ ကိုကြီးကျော်က ဘာမှမပြောပါ။ ထုံးစံအရ နတ်နန်းတိုင်ကို ညာဘက်လက်နှင့်ထိပြီး လက်ယာရစ် သုံးပတ်လှည့် ခဲ့ရသေးသည်။ လုပ်ငန်း၊ ကိုင်ငန်း အဆင်ပြေ ချောမွေ့ပါစေ၊ အပြစ်ဘယာ ရှိလျှင် ဖယ်ရှားပေးပါ စသည်ဖြင့် စိတ်ထဲက တိုင်တည် ရေရွတ် ခဲ့ရသေးသည်။ အရင်တုန်းက အခြေ အနေအရ နတ်ကွန်းစင်ပေါ်က နတ်ရုပ်တွေ အနီးကပ် မကြည့်ဖြစ်ခဲ့။ အခုတစ်ခေါက်တော့ နတ်ကွန်းပေါ် တက်ပြီး နတ်ရုပ်တွေ သေသေချာ ချာကြည့်ဖြစ်သည်။ ဗဟုသုတတစ်ခု တိုးလာသည် ဆိုရမည်။ ဝေဠုဝတီနှင့် မဘို့မယ်တို့၏ ရုပ်တုများကို တွေ့လိုက်ရသည်။ ဝါးပင် ဝါးတောထဲက သန္ဓေသူ ဝေဠုဝတီနှင့်မင်း ဆက်ငါးသွယ်ရှင်ဘို့မယ်တို့ ဘယ်အချိန်ကများ ဘဝပြောင်းပြီး နတ်နန်းပေါ် ရောက်လာကြပါလိမ့်။ မြင်းညိုကြီးပေါ်က ကိုကြီးကျော် ပုံကတော့ ခံ့ခံ့ညားညား။ ကိုကြီးကျော် မြင်းစီးနေဟန် ကြည့်ပြီး ကွမ်းအစ်ကို မနိုင့်တစ်နိုင်ကိုင်ပြီး ကျကွဲသွားသော ကိုကြီးကျော်၏ ချစ်သူရွာက ငယ်ချစ်ဦးအကြောင်း သွားပြီး တွေးမိသည်။ 'မနိုင်တဲ့မနိုင်၊ ကိုကြီးကျော်ငယ်က ချစ်၊ ကွမ်းအစ်တော်ကိုင်၊ မနိုင်လို့ ကျကွဲ၊ ကိုကြီးကျော် ငယ်ကချစ်၊ ဆိုဖြစ်နိုင်ပဲ' ဆိုသည့် နတ်ချင်းကို တစ်ဆက်တည်း သတိရလိုက်မိပါသည်။

ကိုကြီးကျော်၏ ကြက်တိုက်နန်းသည် နတ်ထိန်းကြီးကိုဖိုးတုတ် အိမ်နောက်ကျောဘက်တွင် ရှိသည်။ နတ်နန်းပေါ်က နတ်ရုပ်လောက် အရွယ်အစား မကြီးသော နတ်ရုပ် အမျိုးမျိုးကိုတွေ့ရသည်။ လဆန်း ၈ ရက်၊ ၉ ရက်နေ့များတွင် ကြက်တိုက်ပွဲ ကျင်းပသည်။ 'လောင်းစရာ ငွေမရှားပါဘု၊ ကြက်များကိုတဲ့ တိုက်မယ့်ပြင်၊ မြင်စိုင်းကြော့ရှင်းဟု ရှေးစာရှိသလို 'ကြက်သမား မှန်ရင်လေ၊ ယှဉ်ပြိုင်လို့ တိုက်လိုက်ချင်တယ်' ဟူသော ခေတ်ပေါ်တေးများကလည်း ကိုကြီးကျော် ကြက်ပွဲကို အားပေး နေသလို။

နတ်နန်းကြီးမှာ နှစ်စဉ်ပူဇော် ပသမှုတွေကြောင့် ခမ်းခမ်းနားနား ပြုပြင်ထားလေသည်။ နတ်နန်းနှင့် တစ်ဆက်တည်းမှာ ကိုကြီးကျော် ကိုးကွယ်ခဲ့သည်ဆိုသော ရွှေမုဋ္ဌော စေတီတော်ရှိသည်။ တပေါင်းလပြည့် နေ့တွင် ဆွမ်းလောင်းပွဲရှိသည်။ နတ်ပွဲနှင့် တစ်ဆက်တည်း ကျင်းပသည့် ဘုရားပွဲမို့ စည်ကားသည် ဆိုရမည်။ ဘုရားပွဲ သက်သက်ဆိုလျှင် သည်မျှ စည်ကားချင်မှ စည်ကားပေလိမ့်မည်။

ပခန်းငယ်နှင့် ပခန်းကြီးမှာ ငါးမိုင်ခန့်ဝေးသည်။ တာရိုးလမ်းပေါ်မှာ ကားဖြတ်မောင်းလာတော့ ဖုန်လုံးကြီးတွေ ကားနောက်က အပြေး လိုက်လာကြသည်။ ပခန်းက ရေစကြိုနှင့် ၁ဝ မိုင်ဝေးပြီး ပခုက္ကူလမ်း ပေါ်မှာရှိသည်။ 'လေးပြုရာဆန်း၊ မြို့ကူးခန်း ၊ပခန်းခေါ်ဆိုထွေ'ဟု စိန္တကျော်သူ ဦးသြရေးခဲ့သည့် အတိုင်း ပုဂံခေတ်က လေးရာပြုမြို့ ၂၂ မြို့အနက် တစ်မြို့အပါအဝင် ဖြစ်ခဲ့သော ရှေးဟောင်းမြို့တစ်မြို့ ဖြစ်သည်။ သင်္ခါရ သဘောတရားအရ ယနေ့တွင်မူ ရွာကြီးအဖြစ် ရပ်တည်နေလေသည်။ ရှေးခေတ်တုန်းကတော့ အရေးကြုံလျှင် ပခန်းကိုထွက်လာပြီး အောင်မြင်ဖို့အတွက် အကြံယူကြရသည့် သမိုင်းသက်သေများ ရှိခဲ့သည်။ ပခန်းရောက်တော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ လေးချိုးကြီးထဲမှ အပိုဒ်တစ်ပိုဒ်ကို ဖျတ်ခနဲ သတိရလိုက်မိသည်။

မခံချင် မာန်ဝင်တဲ့အစွမ်းရယ်နဲ့
မန်းအပျက်တွင်ဖြင့်၊
ကြငှန်းမက်လိုက်ပုံက
ပခန်းထွက်တဲ့ပြီး၊
အကြမ်းဖက်ကရော့မဟဲ့လို့
ငမ်းငမ်းတက် သရေယိုအောင်
နန်ဆက်အမွေကိုလည်း
မှန်းမိတဲ့အပြင်

အခုကျွန်တော် ပခန်းထွက်ခဲ့သည်မှာ အကြမ်းဖက်ရန် မဟုတ်ဘဲ အလွမ်းဆက်ရန် သက်သက်သာ ဖြစ်သည်။ လွမ်းမပြေ၊ ပခန်းမြေ တမိတော့ဟု စာချိုးချင်စိတ်ပင် ပေါ်လာသည်။ ပခန်းကြီးရောက်လျှင် သမိုင်းဝင် စေတီတော် တစ်ဆူဖြစ်သည့် စည်သူရှင် စေတီတော်ကို ဦးခိုက်ရမြဲ ဖြစ်သည်။

ပခန်းစည်သူရှင် ဘုရားဒကာမှာ ကိုကြီးကျော်(မင်းကျော်စွာ)၏ နောင်တော် မင်းစည်သူဖြစ်၏။ (ဝဝဇာဂံ) တံဆိပ်တော်ရပြီး ရွှေတန်တစ်၊ ဆင်ကြိုးရွှေဂူ၊ ရှင်မတောင် အညာ သီဟတော၊ သရက္ခန် စေတီများနှင့် သမိုင်းကြောင်း ဆက်နွယ်မှုရှိသည်။ ပခန်းစည်သူ ရှင်ဘုရားမှာ လမ်းဘေးတွင် ကပ်လျက်တည်ရှိသော်လည်း ကျွန်တော့်အတွက်မူ ကပ်ကျော်စေတီ မဟုတ်ပါ။ မိသားစုနှင့်အတူ ဧည့်သည်ပို့ရန်အတွက် အခေါက်ပေါင်း များစွာ ရောက်ခဲ့ဖူးသည်။

ပခန်းသည် သမိုင်းထဲကမြို့ဖြစ် လေရာ ခေတ်အဆက်ဆက်တွင် ပခန်းမြို့ကို မြို့စားအသီးသီးအုပ် ချုပ်ခဲ့ကြသည်။ မဟာဂီတထဲက အောင်မြေသာစံ ပတ်ပျိုးကို ကြိုက်နှစ်သက်သူတိုင်း ပခန်းမင်းသားကြီးကို မလွဲမသွေ သတိရမိ ကြပေလိမ့်မည်။ ပုဂံခေတ် သိန်းခိုမင်း လက်ထက် သက္ကရာဇ် ၂၇၇ တွင် မင်းစည်သူနှင့် မင်းကျော်စွာ ညီနောင်မင်းနှစ်ပါး ဤအရပ်သို့ ရောက်လာပြီး တောင်သုံးလုံးကို မြေညှိကာ မြို့တည်သဖြင့် ကုခန္ဓ(တူးခြင်း၊ ညှိနှိုင်း) အနက် သဘောကို ဆောင်ကာ ကူးခန်းဟု သမုတ်ခဲ့ကြသည်။ သက္ကရာဇ် ၅၃၆ ခုနှစ်တွင် ဤအရပ်မှာ သူပုန်ထကြွမှု ရှိသဖြင့် သူပုန်ရန်များ ပစေ၊ ခန်းစေ၊ အတိတ်ကိုယူကာ ပခန်းဟု သမုတ်ခဲ့ကြောင်းလည်း တွေ့ရသည်။ အမှတ်အသား တစ်ခုတွင်လည်း သု သုခန်း၊ ပခန်းတည်ဟု ရှိသဖြင့် သက္ကရာဇ် ၇၆၆ ခုနှစ်တွင် စောမည်း အမတ် တည်သည်ဟုလည်း မူကွဲ တွေ့ရသည်။ ရှင်ဝရသမ္ဗောဓိ ရေးသားသည့် ရတနာမဉ္ဇူသာ မဟာသိမ် တော်မော်ကွန်း ကျောက်စာတွင် 'ပုခန္ဓ နဂရေ၊ ပင်လယ်လှိုင်းလိပ်၊ ရေနိမိတ် ကို၊ တံဆိပ်တန္တု၊ ကသိုဏ်းရှု၍ ပြုစုရွက်ဆောင်၊ ခိုးနန်းတောင်သို့၊ တည် ထောင်ထူးဆန်း၊ မြို့ပခန်း၌'ဟု ဖော်ပြထားသဖြင့် ပုခန်းဟုလည်းခေါ်ကြ သေးသည်။

မြို့တည်ဆောက်ရာတွင် အရှေ့ ဘက်၌ကြွယ်ဝတံခါး၊ တောင်ဘက် ၌ ကျောက်ပုံတံခါး၊ အနောက်ဘက် သာစည်တံခါး၊ မြောက်ဘက်ဝင်မ နားတံခါးဟူ၍ အမည်ပေးခဲ့သည်။ မြောက်ဘက်ဝင်မနား တံခါးကို ယနေ့အထိ ထင်ထင်ရှားရှားတွေ့နိုင် ပါသေးသည်။ ပခန်းမြို့ဟောင်း၏ ထူးခြားမှုမှာ မြို့ရိုးလေးဘက်ဖြစ် သည်။ 'တောင်လှိုင်းတံပိုး၊ အနောက် ခိုနန်းချိုး၊ မြောက်မယ်ယက်ခိုး၊ အရှေ့ လင်ြးေ>ွမရိုး'ဟု ကွဲပြားခြားနား စွာတည်ဆောက်ထားခြင်းဖြစ်သည်။

ပခန်းငယ်မှာ မင်းကြီးဦးရန်ဝေး ကျောင်းရှိသလို ပခန်းကြီးမှာ ကျီဝန်မင်း ဦးတုတ်၏ ပခန်းကျောင်းတော်ကြီး ရှိသည်။ လှေထိုးသားဘဝမှ ကျီဝန်မင်းအဆင့်အထိ လှမ်းတက် လာနိုင်သော ဦးတုတ်၏ အရည်အချင်းမျိုးမှာ အတုယူလေးစားစရာ ကောင်းသည်။ တိုင်ပေါင်း ၂၅၄ တိုင်ရှိသည်။ ကျောက်မျက်ရွဲဟု သင်္ကေတပြု မှတ်သားထားကြသည်။ ရှေးဟောင်းသုတေသန ဦးစီးဌာနမှ ၁၉၉၂ ခုနှစ်တွင် လက်ရှိအဆင့်သို့ ရောက်ရှိအောင် ပြင်ဆင်ထိန်းသိမ်း မှုများဆောင်ရွက်ခဲ့သည်။ အရင်တုန်း ကအမှတ်တမဲ့နေလာခဲ့သော ကျောင်းတော်ကြီးအတွင်းပိုင်းမှ ဇာတ်တော် ဘွဲ့ပန်းပု လက်ရာများကို ယခုမှ သေ သေချာချာ လေ့လာမိကာ မှတ်တမ်း ဓာတ်ပုံရိုက်ဖြစ်ခဲ့သည်။

ပခန်းနယ်မြေသည် ရဟန်း ပညာရှိ၊ လူပညာရှိများ ပေါ်ခဲ့ရာဒေသ ဖြစ်သည့်အပြင် မြို့စားများ အုပ်ချုပ်ခဲ့သည့် ဒေသဖြစ်သည့် အလျောက် ယဉ်ကျေးမှု အမွေအနှစ်များ ကြွယ်ဝသည့် ဒေသလည်းဖြစ်သည်။ ဒေသအတွင်း ပြန့်ကြဲနေသော ရှေးဟောင်း အမွေအနှစ်ပစ္စည်းများကို စုစည်း၍ နိုင်ငံတော်အနေဖြင့် ယဉ်ကျေးမှုပြတိုက် ဖွင့်လှစ်ပြသထားသည်။ ပြတိုက်မှူး ဦးဌေးဝင်းအောင်မှာ ပခန်းကြီး နယ်ခံဖြစ်ပြီး ရှေးဟောင်းပစ္စည်း ကို မြတ်နိုးသူ၊ တန်ဖိုးထားသူ ဖြစ်သဖြင့် ပြတိုက်နှင့်ပတ်သက်၍ ပိုင်ပိုင်နိုင်နိုင် ရှင်းပြနိုင်သူဖြစ်သည်။ သူရှင်းပြသည်ကို နားထောင်ရသည်မှာ စာတမ်းတစ်စောင် ဖတ်နေရသလို ခံစားရသည်။ သည်တစ်ခေါက်တွင် ပြတိုက်၌ ထိန်းသိမ်းထားရှိသော ရွှေဥမင် ဆရာတော် ရှင်ဇမ္ဗူုဒီပဓဇ၏ တံဆိပ်တော်ကို ကြည့်ရှုလေ့လာခွင့် ရခဲ့သည်။ ရွှေဥမင် ဆရာတော်၏ နောက်တွင် သိဿာနုသိဿ ဆရာစဉ်ဆက် ၂၈ ဆက် ရှိကြောင်း မှတ်သားဖူးပါသည်။ ဦးဌေးဝင်းအောင်ကို အဖော်ပြု၍ ရွှေဥမင်ကျောင်းတော်ကြီးကို သွားရောက်လေ့လာ ဖြစ်ခဲ့သေးသည်။ ရွှေဥမင် ဆရာတော်တို့ ခေတ်က တောထူထပ်ပြီး အတော်ခေါင်သည့် ဒေသတစ်ခု ဖြစ်ပေလိမ့် မည်။ ရွှေစက်တော် ဘုရားဖူးမြော်ရာမှ အပြန်ဝင်လာသော တောင်ဖီလာ ဆရာတော်က ရွှေဥမင် ဆရာတော်အား 'တစ်ပါးတည်းနေတာ မကြောက်ဘူးလား'ဟု မေးလျှောက်ခဲ့သည်ကို 'ကြောက်လို့ တစ်ပါးတည်း နေပါကြောင်း' ပြန်လည်ဖြေကြားခဲ့သည့် သာသနာ့သမိုင်းဝင် စကားတစ်ခွန်းကို ပြန်လည်ကြားယောင် မိခဲ့သည်။ ကျောင်းတော်ကြီး၏ အနီးတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း တည်ထားခဲ့သည့် စေတီတစ်ဆူ ရှိသည်ကို သည်တစ်ခေါက်တွင်မှ မှတ်မှတ်ရရ တွေ့ခဲ့သည်။

ရေဥမင်ကျောင်းမှ ပြန်အထွက်တွင် OISCA ဂျပန်သင်တန်းကျောင်း ကိုတွေ့ရသည်။ ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် အရ ဖွင့်လှစ်ထားသည့် စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းဖြစ်သည်။ တစ်နှစ်လျှင် သင်တန်းသား ကျား ၁ဝ ဦး၊ မ ၁ဝ ဦး ခေါ်ယူလေ့ကျင့် ပေးခဲ့သည်။ ကျောင်းသက်တမ်း ၁၅ နှစ် ပြည့်ခဲ့ပြီ။ လက်ရှိသင်တန်းကျောင်း၏ ဒါရိုက်တာမှာ Keisuke Fujii ဖြစ်ပြီး အသက် ၃ဝ ကျော်သာ ရှိသေးသည်။ ကျွန်တော် ရေစကြိုမှာ ရှိစဉ်က ဒါရိုက်တာမှာ အိုကာမူရာ- Okamura ဖြစ်ပြီး၊ ဆက်သွယ်ရေးမှူးမှာ Mizugu Shi (မြန်မာအမည် မစိန်စိန်) ဖြစ်လေသည်။ ယခု သူတို့နှစ်ဦးလုံး မရှိတော့ပြီ။ မစိန်စိန်မှာ တိုကျို တက္ကသိုလ်က မြန်မာစာနှင့် ဘွဲ့ရခဲ့သူဖြစ်ပြီး မြန်မာလို ရေရေလည်လည် ပြောတတ်သူ ဖြစ်သည်။

မြန်မာသီချင်းကို ကြိုက်သည် ဆို၍ ဘယ်သီချင်းအကြိုက်ဆုံးလဲဟု မေးခဲ့ရာ ထွန်းအိန္ဒြာဗိုဆိုသည့် ချစ်ခြင်းကို မခွဲပါနဲ့ သီချင်းကို အကြိုက်ဆုံးဟု ဖြေခဲ့သည်ကို ပြန်သတိရမိသည်။ ဂျပန် ဧည့်သည်တွေတွေ့လျှင် စကားပြန်အဖြစ် မစိန်စိန်ကို ခေါ်ပြီး အကူအညီ တောင်းရသည်။ မြန်မာ အဝတ်အစားနှင့် မစိန်စိန်ကို သူ့အမျိုး ဂျပန်တွေက မြန်မာဟု အထင်မှား ကြသည်။ ဂျပန်စကားသံကြားမှ ဂျပန်မှန်းသိသွားကြရာ နောက်ပိုင်း သူတို့ချင်း ဘာပြောမှန်းမသိရတော့ ပေ။

ရေစကြိုနေရစဉ် ကာလတုန်းက မြို့နယ်အတွင်း လေးရပ်၊ လေးခွင် ပြဲပြဲစင်အောင် ခရီးနှင်ခဲ့ဖူးသည်။ မရောက်ဖူးသည့် ရွာမရှိ သလောက်ပင် ဖြစ်သည်။ ရောက်အောင်သွား၊ မြင်အောင်ကြည့်၊ သိအောင်လုပ် ဟူသော လူကြီးတွေ သြဝါဒအပြင် ကိုယ်တိုင်ကလည်း ခြေမှာဗွေပါသူဖြစ်ရာ မြို့ပေါ်နေသည့် ရက်က ခပ်ရှားရှား။ အဂန္တုတစ်ယောက်အဖို့ အရင်နေရာတွေ အနှံ့သွားဖို့တော့ မလွယ်ခဲ့။ ရှင်မတောင်ကို အဝေးက မှန်းပြီး လွမ်းရသည်။ ကျွန်တော်ရှိစဉ်က ဦးဆောင် စိုက်ပျိုးခဲ့သည့် သနပ်ခါးခင်းတွေကို ပြန်ကြည့်ချင်သည်။ ဆင်ကြိုးရွှေဂူ ကိုဖူးချင်သည်။ မအူရွာက ဘုရားပွဲကို ကြုံချင်သေးသည်။

နောက်တစ်ခေါက်ကျမှ အကြွေးဆပ်ရပေတော့မည်။
သန်းထွန်း၊စကု
source: http://www.zaygwet.com/literature.php?id=245

No comments:

Post a Comment