(၃.၃.၂၀၁၃)ရက်နေ့ နံနက် (၁၀း၃၀)နာရီ ခန့်တွင် မြန်မာ-တရုတ် ရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်းတွန်းရုံ
ဆောက်လုပ်ခြင်း လုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်နေကြသော ဥယျာဉ်ဇင်ကျေးရွာမှ ကိုတင်ထွန်းအောင် အပါအ၀င် အလုပ်သမား(၃၂)ဦးခန့် တို့သည် လုပ်အားခ နေ့တွက်များ အလုပ်ခွင်မန်နေဂျာမှ ရှင်းလင်း မပေးခြင်းကြောင့် အလုပ်မဆင်းဘဲ ရပ်နား၍ သပိတ်မှောက်ခဲ့ကြသည်။
စကုမြို့၊ ထနောင်းတောကျေးရွာအနီးတည်ဆောက်နေသော မြန်မာ-တရုတ် ရေနံသဘာဝဓာတ်ငွေ့တွန်းရုံလုပ်ငန်းခွင် |
အလုပ်သမားတစ်ဦးဖြစ်သူ ကိုတင်ထွန်းအောင်က ပုံမှန်ရှင်းရန် နေ့တွက်များ ပေးချေခြင်း မပြုတော့ ဒီနေ့ ဆိုရင် ကျနော်တို့ ထမင်းတောင် ထုတ်မလာနိုင်ခဲ့ကြဘူး၊ ဒါကြောင့် ကျနော်တို့ လုပ်အားခရအောင်တော့
တောင်းဆိုရလိမ့်မယ် ဟု ပြောပါသည်။
၎င်းတို့၏ လုပ်အားခများကို ရှင်းလင်းပေးပါရန် နှစ်နာရီခန့်ကြာသည်အထိ တောင်းဆို ညှိနှိုင်းပါသော်လည်း အလုပ်ခွင်တာဝန်ရှိသူများမှ တိုင်ချင်ရာသွားတိုင် ရှင်းလင်းမပေးနိုင်သေး ဟု တုံ့ပြန်ခြင်းခံခဲ့ရပါသည်။ အလုပ်သမား(၃၂)ဦးတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မင်းဘူး/စကုမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရုံးသို့ သွားရောက် အကူအညီတောင်းခံရာ မင်းဘူး / စကုမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုနေမျိုးကျော် နှင့် အလုပ်အမှုဆောင် အဖွဲ့မှ အလုပ်ခွင်သို့သွားရောက်၍တာဝန်ရှိသူများနှင့်
ဆွေးနွေးညှိနှိုင်းသည့် အခါမှ လုပ်အားခငွေများပြန်လည်ပေးချေမည်ဖြစ်ကြောင်း အလုပ်ခွင်တာဝန်ရှိ
သူများနှင့် အပြန်အလှန်သဘောတူခဲ့ကြပါသည်။ အလုပ်သမား(၃၂)ဦးအနေဖြင့် လုပ်အားခငွေများ
ပြန်လည်ရရှိသော်လည်း လုပ်ငန်းခွင်တာဝန်ရှိသူများမှ အလုပ်သမားအားလုံးအား အလုပ်မှ အပြီးအပိုင် ထုတ်ပယ်ခြင်းကို ခံခဲ့ရပါသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံတော်သို့ အသွင်ကူးပြောင်းနေသည့်ကာလတွင် နိုင်ငံသားတို့၏ အခြေခံ အခွင့်အရေးများကို လေးစားတန်ဖိုးထားရမည်ဖြစ်သော်လည်း ယခုအချိန်ထိ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရမှုများ နှင့် ထိုသို့ချိုးဖောက်သော ကုမ္ပဏီများ၊ အလုပ်များ အပေါ် စနစ်တကျ ကြီးကြပ်မှုများ လိုအပ်နေသေးကြောင်း ကိုနေမျိုးကျော်မှ ပြောကြားပါသည်။
No comments:
Post a Comment