11 August 2013
မန်းချောင်းလွင်ပြင်မှ ပျူများ အပိုင်း(၂) ဇော်မျိုးဦး
ယခင် မန်းချောင်းလွင်ပြင်မှ ပျူများ အပိုင်း(၁)၏ အဆက်
ယင်းအုတ်ရိုးမှအုတ်များသည်  (ဂ)ကွေး၊(ခုံး)ကွေး၊အဖြောင့်စင်းစသည့်ဖြင့်  ပျုလက်ရေးစင်း အုတ်ချပ်များဖြစ်ပြီး(၁၆"×၈"×၂.၅)မှ(၁၈"×၉"×၃")အထိအရွယ်အစားရှိပါသည်။အုတ်စီသေသပ်ခြင်းမရှိပါ။ ထူးခြားသည်မှာပျူအက္ခရာလေးလုံးပါသော  အုတ်ပိုင်းကျိုးတစ်ခုကို တွေ့ရပါသည်။ ဗိဿနိုးတူးဖော်ရာတွင် လူအမည်ဟုထင်ရသော    ရွှံတုံးလေးတစ်တုံးမှအပ ပျူစာအထောက်အထား များကိုမတွေ့ရသေးဟု   သိရပါသောကြောင့် မန်းချောင်းလွင်မှ ပျူတို့သည် ဗိ  ဿနိုးထက် နောက်ကျ သည် သို့မဟုတ် ဗိဿနိုးပျက်သည့်အချိန် အရင်နှစ်တစ်ထောင်ရှစ်ရာ နောက်ပိုင်းအထိ ဆက်လက် တည်ရှိနေသည်ဟု ယူဆနိုင်ပါသည်။
၎င်းအုတ်ရိုးများကြားမှ အိုးကွဲစများနှင့် အရိုးများတွေ့ရှိရပါသည်။အိုးကွဲတစ်ခု၏အတွင်းဘက်တွင် စဥ့်အဖြူပျက်ရောင်သုတ်ထားသည်ကို တွေ့ရပါသည် ။(အစိမ်းနုရောင် အနည်းငယ်မျှသန်းသည်ဟု ထင်ရသည်။)လူကျောရိုးအဆစ်ဟု ယူဆရသော အရိုးဆစ်တစ်ခုနှင့် အခြားအရိုးစများလည်း တွေ့ရသည်။တွေ့ရှိသည်များကိုရှေးဟောင်းသုသေတနဌာနမှ ၂၀၁၂ ခု ဧပြီ၂၉ နှင့် ၃၀ ရက်နေ့က မှတ်တမ်းယူပြီး ဖြစ်ပါသည်။
ညောင်ကိုင်းရွာမှ အရှေ့ဘက် ၂ မိုင်ခန့်အကွာတွင်ရှိသော ရေပုတ်ရွာတွင်လက်ရေးစင်း ပျူအုတ်များ၊ပျူပုတီးစေ့များ၊ပျူအရိုးအိုးများကိုတွေ့ရှိရပါသည်။ပျူခေတ်အဆောက်အဦး အုတ်ပန္နက် များကိုလည်းတွေ့ရပါသည်။ရေပုတ်ရွာနေတောင်သူ ဦးကျောက်ဒိုး၏လယ်တလင်းပြုလုပ်ရာနေရာတွင် အလျား၂၀ ပေ၊အနံ ၁၅ ပေခန့် ရှိသော လေးထောင့်ပုံစံပျူအုတ်ရိုး အဆောက်အဦး တစ်ခုရှိပါသည်။ အုတ်လွှာများမှာ မြေပြင်ပေါ်တွင်မရှိတော့ဘဲ မြေအောက်၌ အုတ်လွှာများမှာ မြေပြင်ပေါ်တွင် မရှိတော့ဘဲ မြေအောက်၌ အုတ်လေးလွှာ၊ငါးလွှာသာရှိပါသည်။ထိုကြောင့် ဗိဿနိုး ပျူအဆောက်အဦးများကဲ့သို့  (မြေတင်)အဆောက်အဦးဖြစ်မည်ဟု ယူဆနိုင်ပါသည်။ ၄င်းနေရာနှင့် အနီးပတ်ဝန်းကျင်၌လည်း အုတ်ရိုးများတည်ရှိနေပါသည်။ ရှေးဟောင်းသုတေသနဌာနမှ မှတ်တမ်း ယူပြီး ဖြစ်သော်လည်းတူးဖော်ရေးမပြုလုပ်သေးပါ။တောင်သူ ဦးကျောက်ဒိုး၏ပြောပြချက်အရ အရိုးအိုးများကိုလည်း တွေ့ရသည်ဟု ပြောပါသည်။ ၄င်းအိုးများမှာ ပုပုဝိုင်းဝိုင်း လုံးဝန်းသောအိုးငယ်များဖြစ်ပြီး တွေ့ရစဉ်က တစ်အိုးပေါ် တစ်အိုးဆင့်၍ သုံးလုံးထပ်နေပြီး အပေါ်ဆုံးအိုးအ၀ပေါ်တွင် ကျောက်ပြားငယ်လေးဖြင့် ဖုံးအုပ်ထားရှိပါသည်ဟု ပြောပါသည်။ အိုးကလေးများ၏အိုးသားမှာ ခပ်ပါးပါးဖြစ်ပြီး ထိခိုက်ကြေမွလွယ်သည်ဟု သိရပါသည်။တွေ့ရစဉ်က အိုးများမှ အိုးကွဲစလေးသာကျန်ရှိပါတော့သည်။ ၎င်းနေရာနှင့် ခပ်လှမ်းလှမ်း၏တွင် ပျူဒဂါင်္းများကို တွေ့ရဖူးသည်ဟုလည်းပြောပါသည်။ ထို့အပြင်၎င်းနေရာအနီးပတ်ဝန်းးကျင်၌ပင် ကျောက်သစ် လက်နက်များ၊အရိုးများကို တွေ့ရသဖြင့် မန်းချောင်းလွင်ပြင်မှ ပျူတို့သည် ကျောက်သစ် လက်နက်များကိုပါ လက်ဆင့်ကမ်းသုံးစွဲခြဲ့ကမည်ဟုတွေးတောစရာရှိပါသည်။
၎င်းရေပုတ်ရွာ၌ပင်ပုဂံရှေးဟောင်း သုတေသနပြတိုက်တွင်ပြသထားသော ပျူဒဂါင်္းနှစ်ချပ်ကို ရေပုတ်ရွာအနီး  ရွှေမြင်တင်ဘုရားအရှေ့တောင်ဘက်မှလည်းကောင်း၊ ရေပုတ်ရွာအနီး မကရ်းခေါင်း ပါသောရွှေလက်ကြစ်နှစ်ကိုလည်းကောင်းတွေ့ခဲ့ရဖူးပါသည်။
ရေပုတ်ရွာ၏ အရှေ့မြောက်ဘက် ၁ မိုင်ခွဲခန့်တွင် အလံပါယ်ကျေးရွာတည်ရှိပါသည်။၎င်းကျေးရွာ၌ လည်း ပျူပုတီးများ၊ပျူအုတ်များ၊ပျူးအရိုးအိုးများ တွေ့ရှိရပါသည်။ ဒေသခံတ်းဦး၏ ပြောပြချက်အရ ရွှေပုတီးစေ့ငယ်များကျောက်ရောင်စုံပုတီးစေများ၊ကျောက်ဆွဲပြားငယ်များတွေ့ရဖူးသည်ဟု ပြောပါသည်။ ရွှေပုတီးစေ့တစ်စေ့မှာ ရွှေဖရုံသီးပုံနှင့်တူပြီး အရွယ်အစားမှာ ပြောင်းဖူးစေ့လောက် ရှိသည်ဟု ပြောပါသည်။ အရိုးအိုးများကိုလည်း တွေ့ရပြီး အိုးကြီးများထဲတွင် အိုးငယ်လေးကို ထည့်ထားသည်ဟုပြောပါသည်။ ပုတီးစေ့တစ်ခုနှင့်တစ်ခုကြားတွင် တည်သော ကျောက်ပုတီး ကွင်းငယ်များ၊ ရွှေကွင်းငယ်များကိုလည်း တွေ့ရသည်ဟု သိရပါသည်။ အချို့ပုတီးစေ့နှင့် တစ်လက်မခန့် ကျောက်ပြားငယ်များတွင် ဆင်ရုပ်၊လူရုပ်၊ငှက်ရုပ်များပါသည်ကို တွေ့ရဖူးသည်ဟု ပြောပါသည်။ လူရုပ်ပါသောအိုးကွဲစများလည်းရှိသည်ဟု သိရသည်။
ရေပုတ်ရွာ၏ အရှေ့ဘက် ၁ မိုင်အကွာတွင်ဇရပကြီးကျေးရွာ ရှိပါသည်။ ၎င်းရွာ၏အနောက်ဘက် မင်းဘူးစကုကားလမ်း(မိုင်တိုင်အမှတ် ၄ နှင့် ၅ ကြား) ၏ တောင်ဘက်ခပ်လှမ်းလှမ်း တောင်ကုန်းလေးပေါ်တွင် ဇရပ်ကြီးတောင်ပေါ်ဘက်ခပ်လှမ်းလှမ်း တောင်ကုန်းလေးပေါ်တွင် ဇရပ်ကြီးတောင်ပေါ်တောရကျောင်း တည်ရှိပါသည်။၎င်းတောင်ကုန်းထိပ်တွင် စေတီတစ်ဆူကို ရှေး ဟောင်းအုတ်ပုံကုန်းပေါ်တွင်တည်ထားပါသည်။၎င်းအုတ်ပုံကုန်းမှအုတ်များတွင်လက်ရေးစင်း ပျူအုတ် များကို တွေ့ရှိရပါသည်။ ဆရာတော်၏မိန့်ကြားချက်အရ စေတီပစ္စယံနံရံပြုလုပ်စဉ်က ပျူစာဟု ထင်ရသော စာပါသော အုတ်များကိုတွေ့ရှိပြီးစေတီတည်ရာတွင် ထည့်သွင်းအသုံးပြုလိုက်သည်ဟု သိရှိရပါသည်။ မှတ်တမ်းမယူလိုက်ရသည်မှာ နှမြောစရာကောင်းပါသည်။  ၎င်းစေတီ၏ တောင်ဘက်တွင် အုတ်ပုံကုန်းသုံးနေရာတွေ့ရပြီး ၊ လက်ရေးစင်းပျူအုတ်များနှင့် အိုးကွဲစများကို တွေ့ရှိခဲ့ရသည်။ ဇရပ်ကြီးရွာ၏ အနီးပတ်ဝန်းကျင်မှလည်း ကျောက်ပုတီးစေ့များတွေ့ရသည်ဟုလည်း သိရပါသည်။
ဇရပ်ကြီးရွာ၏  အရှေ့မြောက်ဘက်(၂)မိုင်ခန့်အကွာတွင် မယ်ဘေ့ကုန်း ကျေးရွာတည်ရှိ ပါသည်။ ၎င်းရွာတွင်လည်း ပျူအရိုးအိုးများ လက်ရေးစင်းပျူအုတ်ချပ်များ၊ပုတီးစေ့များ၊  ရက်ကန်းလုပ်ငန်းတွင် အသုံးပြုသည်ဟုယူဆရသော ချည်ငင်ဒိုးကဲ့သို့ ပစ္စည်းများ၊ နွားဟုယူဆရသော မီးဖုတ်ထားသော မြေရွှံရုပ်ငယ်၊ ဟင်းခတ်အမွှေးအကြိုင်များကိုကြိတ်ချေရာတွင် အသုံးပြုသည်ဟု ယူဆရသော ပစ္စည်း တစ်ခု (ပုံ-၂၃)၊ ပျူခေတ်သံထည်လက်နက်နှစ်ခု(ပုံ-၂၄)တို့ကို တွေ့ရှိရပါသည်။ (ပစ္စည်းများကို မယ်ဘေ့ကုန်းကျေးရွာနေ ဆရာ ဦးကျော်စိန်းဝင်းထံတွင် စုဆောင်းထားရှိပါသည်။ ) မယ်ဘေ့ ကုန်း    ရွာမှ ပျူအရိုးအိုးများသည် ဗိဿနိုးတူးဖော်မှုမှ တွေ့ရှိရသော အရိုးအိုးများနှင့် တစ်ပုံစံတည်း ဖြစ်သည် ဟု သိရပါသည်။
စကုမြို့၏ အနောက်ဘက် (၁)မိုင်ခန့်တွင်ရှိသော လက်ခုပ်ပင်ကျေးရွာပိုင် မန်းချောင်း၏ မြောက်တစ်မိုင်ခန့်အကွာ လယ်ကွက်ထဲမှ အခေါက်ရွှေဖြင့်ပြုလုပ်ထားသော အလေးချိန်၁၆ ကျပ်၊ ၁၄ ပဲ၊ ၆ ရွေး ရှိသော နဂါးခေါင်းပုံရွှေလက်ကောက်တစ်ခုကို တွေ့ရှိခဲ့ရသည်။ (နိုင်ငံတော်သို့ အပ်နှံပြီး) ၎င်းလက်ကြပ်၏လက်ရာမှာလှပ၍ အနုပညာမြောက်လှသည်ကို ကြည့်၍ မန်းချောင်းလွင်ပြင်က ပျူတို့၏လက်မှု့အနုပညာကို ခန့်မှန်းနိုင်ပါသည်။၎င်း လက်ကောက်တွေ့သောနေရာနှင့် အနီး တစ်ဝိုက်တွင် ပျူအုတ်နှင့်အခြားပျူခေတ် အထောက် အထားတို့ကိုမူ မတွေ့ရပါ။
မန်းချောင်းလွင်ပြင်မှ ပျူတို့၏ ပုတီးစေ့များ
မန်းချောင်းလွင်ပြင်မှ ပျူတို့၏ ပုတီးစေ့များအရောင်အသွေး၊ ပုံဏ္ဍာန်စုံလင်လှပါသည်။ ပြောင်ပုတီးနှင့် စပ်ကြားပုတီး ဟုနှစ်မျိုးတွေ့ရပါသည်။ အရောင်အားဖြင့် အဖြူရောင်၊ အ၀ါရောင်၊ အ၀ါနုရောင်၊ ပန်းရောင်၊ အစိမ်းရင့်ရောင်၊ အစိမ်းနုရောင်၊ အပြာရင့်ရောင်၊ နက်ပြာရောင်၊ အညိုရောင်၊ မီးခိုးရောင်၊ နီညိုရောင်၊ ကြက်သွေးရောင် ၊ အနက်ရောင်စသည်ဖြင့် တစ်ရောင်တည်းပြောင်း လုံးများ ကိုတွေ့ရပြီး၊ စပ်ကြားမှာ အဖြူနှင့် အခြာရောင်များဖြစ်သည့်အနက်၊ အပြာ၊ လိမ္မော်၊အစိမ်းအနီတို့ကို ကြားထား သည်ကို တွေ့ရပါသည်။ ဒေါင်လိုက်အစင်းကြား၊ကန့်လန့်အစင်းကြား၊ စောင်းလိုက်အစင်း ကြား၊အတွန့်ကြားစသည်ဖြင့် တွေ့ရသည်။အရွယ်အားဖြင့် (၀.၁) လက်မမှ(၁)လက်မထိ အလုံး၊ပုလုံး၊ ဗုံတိုပုံစံ၊ဘဲဥပုံ၊သုံးမြှောင့်၊လေးဒေါင့်စသည်ဖြင့်ဖြစ်ပါသည်။ ပုတီးစေ့ကြီးတစ်ခုနှင့်တစ်ခုကြား၌ ထား သောပုတီးကွင်းငယ်လေးများကိုလည်းတွေ့ရပါသည်။ရွှေပုတီးနှင့်ရွှေကွင်းငယ်လေးများကို လည်းတွေ့ ရှိရပါသည်။ အချို့ပုတီးစေ့အပေါက်များသည် တစ်ဖက်တည်းမှ ဖောက်ခြင်းမဟုတ်ဘဲ ဟိုဘက်ဒီဘက် ဖောက်ဟုယူဆရသောကြောင့် ကွေ့ကောက်လျှက်သို့မဟုတ် တွန့်လျှက်ရှိသည်ကို တွေ့ရသည်။အပေါက်မပါဘဲနားတွင်ထိုးသွင်း၍ အလှဆင်သော နားတောင်းအဖြစ် အသုံးပြုသော ကျောက်လုံးသေးသေးရှည်ရှည်လေးကိုလည်းတွေ့ရသည်။အချင်း ၀.၁လက်မရှိပြီး၊အရှည်ဝ.၂လက်မ ခန့်ရှိသည်၊ အ၀ါရောင်ဖြစ်ပါသည်။  
မန်းချောင်းလွင်ပြင်မှ ပျူအုတ်ချပ်များ
မန်းချောင်းလွင်ပြင်တွင်တွေ့ရသော ပျူအုတ်ချပ်များမှာ အများအားဖြင့် အလျား ၁၆လက်မ၊ အနံ ၈ လက်မ၊ထု ၂.၅လက်မမှ အလျား ၁၈ လက်မ၊ထု ၃လက်မအရွယ် အုတ်ချပ်များဖြစ်ပါသည်။ ထို့ထက်ကြီးသောအုတ်များကိုလည်းတွေ့ရပါသည်။ အုတ်များထဲတွင် စပါးခွံရာများ တွေ့ရသဖြင့် အုတ်ပြုလုပ်သည့်အခါ စပါးထည့်သွင်း အသုံးပြုကြမည်ဟု ယူဆကြပါသည်။ (အုတ်များသည် တစ် တောင်၊တစ်ထွာ၊ လက်လေးသစ်ခန့်ရှိသောကြောင့် အတိုင်းအတာအဖြစ် တောင်၊ ထွာ၊ လက်သစ်ဖြင့် သုံးသလားမသိပါ။)အုတ်ပုံစံသေသပ်မှုမရှိသောလည်း၊အဆောက်အဦး၏ အကွေး၊ အချိုး၊ ဒေါင် များ ကိုအုတ်ဖုတ်စဉ်ကပင် ပုံစံပြုလုပ်၍ အသုံးပြုခဲ့ကို တွေ့ရပါသည်။ထိုကြောင့်   အဆောက်အဦးပုံစံ ကို တွက်ချက်၊ ရေးဆွဲပြီးမှ တည်ဆောက်ခဲ့ကြသည်ဟု ယူဆရပါမည်။ အုတ်များပေါ်တွင်  လက်ရေးစင်း များ၊အက္ခရာများကိုတွေ့ရပါသည်။ လက်ရေးစင်းများမှာ    အများအားဖြင့်(ဂ)ငယ်ကွေး ၊ ခုံးကွေး၊ အ ဖြောင့်စင်းများ ကိုတစ်ကြောင်း၊နှစ်ကြောင်း၊သုံးကြောင်း စသည်ဖြင့် တွေ့ရသည်။ 
မန်းချောင်းလွင်ပြင်မှ ပျူအိုးများ
မန်းချောင်းလွင်ပြင်မှ ပျူအိုးများသည် အများအားဖြင့်အိုးသားထူပြီး ရေပုတ်ရွာက  အိုးသားအချို့သာ အိုးသားပါးပါသည်။ အိုးအချို့တွင် မီးကျက်အောင်ဖုတ်ထားသဖြင့် အနက်ရောင်သို့  ကူးနေသည်ကို တွေ့ရှိရပါသည်။ စဥ့်သုတ်ထားသော အိုးကွဲကိုတွေ့ရသဖြင့် စဥ့်အိုးများလည်း ပြုလုပ်အသုံးပြု ခဲ့ ကြ သည်ဟု  ယူဆရသည်။ အိုးထိန်းစက်ကို အသုံးပြုခဲ့ကြမှန်း  သိသာပါသည်။  အိုးများပေါ်တွင် အစင်း ကြောင်း၊ ဖောင်းရစ်များ၊ အတွန့်များကိုသာ အတွေ့များပါသည်။ အချို့အိုးကွဲစများပေါ်တွင် ရာဇ မတ် ကွက်များ စတုရန်းကွက်များ၊တြိဂံကွက်များကိုလည်း တွေ့ရသည်။ လူရုပ်ပုံပါသောအိုးကွဲများကို တွေ့ ဖူးသည်ဟု ဒေသခံတွေကပြောကြသည်။ အချို့အိုးနှတ်ခမ်းသားအောက်တွင် ဖုလုံးရစ်ကလေးများဖြင့် ပုံဖော်ထားသည်။ အချို့အိုးများလည်ပင်းတွင် တြိဂံပုံစံဖော်ထားပါသည်။အိုးပေါ်မှ အစင်းကြောင်း များ ကို ဘီးကဲ့သို့သောအရာနှင့် ထပ်ခြစ်ထားသည်ကိုလည်းတွေ့ရပါသည်။ 
မန်းချောင်းလွင်ပြင်မှ ပျူဒင်္ဂါးများ
မန်းချောင်းလွင်ပြင်တွင် တွေ့ရသော ပျူဒင်္ဂါးများမှာ ပျူဒင်္ဂါးလေးမျိုး ရှိသည့်အနက်  တတိယ နှင့် စတုတ္ထအမျိုးအစားဖြစ်ပါသည်။  တစ်ဖက်တွင်သီရီဝစ္ဆ၊အတွင်းစေတီကို အပြင်က နေ၊လ။ဝရဇိန် နှင့် ခရုသင်းရံထားသည်ကိုတွေ့ရသည်။အခြားတစ်ဖက်တွင်ဗိန္ဓုစက်များဖြင့် ၀ိုင်းထားသော ဘဒ္ဒပီဋ္ဌ (ထိုင်ခုံ၊ အချို့ကယစ်ပလ္လင်)ကိုတွေ့ရသည်။ အောက်ခြေလိုင်းတွန့်သည် သမုဒ္ဒရာ၊ ဗိန္ဓုစကများသည်နက္ခတ်များဟု ယူဆကြသည်။ နောက်တစ် မျိုးမှာ တစ်ဖက်တွင် သီရီဝစ္ဆ၊ အတွင်းသင်္ကေတ မသိသေးပါ။အပြင်မှ နေ၊လ၊စကြာနှင့်ဘဒ္ဒပီဋ္ဌ ကို တွေ့ရသည်။ အခြားတစ်ဖက်တွင် နေရောင်ခြည်ဖြာနေသောတက်နေ၀န်းရံထားပါသည်။ ၀ရဇိန်က သိကြားမင်း၏ လက်နက်၊စကြာမှာ ကောင်းမြတ်ခြင်း၊ တက်နေ၀န်းမှာတိုးတက်ခြင်းဟု   ယူဆကြပါ ယူဆပါသည်။ အရွယ်အစားအားဖြင့်အချင်း၁.၂ လက်မရှိသော ဒင်္ဂါးအကြီးနှင့် အချင်းဝ.၇ လက်မ ရှိ သောဒင်္ဂါးအငယ်ကိုတွေ့ရသည်။ အချို့ဒင်္ဂါးများတွင် အကြီးရော၊ အငယ်ပါ အပေါက်တစ်ပေါက် သို့ မဟုတ် နှစ်ပေါက်တွေ့ရပါသည်။ အပေါက်များမှာ အပ်ချည်ကြိုး ငါးပင်ခန့်ကောင်းစွာဝင်နိုင်ပါသည်။
မန်းချောင်းလွင်ပြင်မှ ပျူတို့၏အခြားပစ္စည်းများ
မန်းချောင်းလွင်ပြင်တွင် အလယ်မှာ အပေါက်ဖောက်ထားသော အချင်း၁.၂၅ လက်မဖြင့် ပြုလုပ် ထား သောမီးဖုတ်ထားသောရွှံ့ပြားဝိုင်းငယ်လေးများကိုလည်းတွေ့ရသည်။ရက်ကန်းလုပ်ငန်းတွင်အသုံးပြုသည်ဟု ယူဆရသော်လည်း သေသေချာချာ မသိသေးပါ။အချင်း၁လက်မမှ၁.၅ထိပလယ်က အပေါက် ဖောက်ထားသောဘဲဥပုံမီးဖုတ်ထားသောရွှံ့လုံးများကိုလည်းတွေ့ရသည်။အချို့က မြေပုတီးလုံးများဟုလည်း ယူဆကြပါသည်။
ဗိဿနိုးနှင့် မန်းချောင်းလွင်ပြင်မှ ပျူများ
ဗိဿနိုးနှင့် မန်းချောင်းလွင်ပြင်မှ ပျူများအားနှိုင်းယှဉ်ကြည့်ပါက (၁)ဗိဿနိုး၏တည်နေရာသည်ရန်ပယချောင်းဘေးတွင်တည်ရှိသကဲ့သို့၊မန်းချောင်းလွင်ပြင်မှပျူတို့                               သည်လည်းမန်းချောင်းနံ့ဘေးတွင်နေထိုင်ခဲ့ကြသည်။
(၂) ဗိဿနိုး၏ အဆောက်အဦး ပန္နက်များသည် မြောက်စူးစူးမှ အနောက်ဘက်သို့    စွေစောင်း နေသလို၊ မန်းချောင်းလွင်ပြင်မှ ညောင်ကိုင်းရွာအရှေ့ဘက် မန်းကမ်းပါးရှိ အုတ်မြစ်နှင့် ရေပုတ်ရွာအနီး၌ တွေ့ရသော အဆောက်အဦး ပန္နပုံတို့သည်လည်း မြောက်စူးစူးမှ အရှေ့ဘက်သို့ စောင်းနေသည်ကို တွေ့ရသည်။
(၃) ဗိဿနိုးတွင် တွေ့ရသော အရိုးအိုးများနှင့် မန်းချောင်းလွင်ပြင် မယ်ဘေ့ကုန်းရွာတွင် တွေ့ရသော အရိုးအိုးများ ပုံစံတူညီမှုရှိကြသည်။
(၄) ဗိဿနိုးတွင် တွေ့ရသော ပျူးဒင်္ဂါးနှစ်မျိုးကိုသာ မန်းချောင်းလွင်ပြင်၌ တွေ့ရသည်။
(၅) ဗိဿနိုးတွင် တွေ့ရသော ပျူဒင်္ဂါးအချို့တွင် အပေါက်ပါသကဲ့သို့၊ မန်းချောင်းလွင်ပြင်တွင် အပေါက်ပါသော ပျူးဒင်္ဂါးများကို တွေ့ရပေသည်။
          စသည့်အချက်များက    ကြည့်၍ မန်းချောင်းလွင်ပြင်မှ ပျူတို့နှင့်    ဗိဿနိုးပျူးတို့သည် အယူဝါဒနှင့် ယဉ်ကျေးမှုများ တူညီမှုရှိနိုင်ပြီး ကူးသန်းဆက်ဆံမှု့ရှိသည်ဟု ယူဆနိုင်ပါသည်။ မန်းချောင်းလွင်ပြင်မှ ပျူတို့၏  အက္ခရာပါသော အုတ်ချပ်များကို ကြည့်ခြင်းအားဖြင့် ဗိဿနိုးထက် နောက်ကျသည်။  (ဗိဿနိုးမှပျူများ ဗိဿနိုးပျက်ပြီး ရွှေ့ပြောင်းလာကြသလား မသိပါ။) သို့မဟုတ် ဗိဿနိုးနှင့် ခောတ်ပြိုင်ဖြစ်ပါကလည်းဗိသာနိုးပျက်ပြီးနောက်ပိုင်းထိ ဆက်လက်တည်ရှိနေကြသည်ဟု ယူဆနိုင်ပါသည်။
          မန်းချောင်းလွင်ပြင်မှ ပျူတို့၏ လူနေမှု့ဘ၀ကို မှန်းဆကြည့်ရမည်ဆိုလျှင် ဒင်္ဂါးနှင့် လက်ဝတ်ရတနာမှ မကန်းရုပ်၊ နဂါးရုပ်၊ မြေနွားရုပ် တို့ကို ကြည့်ခြင်းအားဖြင့် ဗြဟ္မဏအယူဝါဒနှင့် နတ်ကိုးကွယ်သော ယုံကြည်မှု့တိုရှိမည်ဟု ယူဆနိုင်ပါသည်။ (ဗုဒ္ဓဘာသာအယူဝါဒရှိနိုင်သည်ဟု ယူဆရသော်လည်း အထောက်အထားများ စုဆောင်းဆဲ ဖြစ်ပါသည်။ ) အပေါက်ပါသော ဒင်္ဂါးများကို ကြည့်၍ အဆောင်အဖြစ် သုံးစွဲကြမည်။ ဗေဒင်၊ နက္ခတ်လည်းယုံကြည်မှု့ရှိကြမည်။ စပါးခွံကို အုတ်များတွင်ထည့်၍ မီးဖုတ်သည်ကိုတွေ့၍ စပါးစိုက်မည်။ အ၀တ်အထည်အားဖြင့် ( မန်းချောင်းလွင်ပြင်တွင် လက်ပံပင်များ ပေါများလှသဖြင့် ) လက်ပံလဲမှ ရက်ကန်းယက်၍ ပြုလုပ်မည်။  အဆင်တန်ဆာအလှအပအဖြစ်  ကျောက်ရောင်စုံ ပုတီးများ၊ ရွှေပုတီးများကို လည်မှာဆွဲမည်။ လက်မှာလည်း ပတ်မည်။ ကျောက်နားတောင်း၊ ရွှေနားတောင်းများဝတ်မည်။ အဆင့်မြင့်သူတို့က ရွှေပုတီး၊ ရွှေလက်ကြပ်များ ၀တ်ကြမည်။ ပုတီးစေ့များကဲ့သို့ အ၀တ်အထည်များတွင် ကန့်လန့်စင်း၊ ဒေါင်လိုက်စင်းများကို အများဆုံး ၀တ်ကြမည်။ စဥ့်သုတ်ထားသောအိုးကွဲစကို တွေ့ရ၍ ရိုးရိုးမြေအိုးများနှင့်အတူစဥ့်အိုးများကိုအသုံးပြုကြမည်။ ဒင်္ဂါးကို အသုံးပြု၍ ကူုးသန်းရောင်းဝယ်ကြမည်။ လှပသော နဂါးလက်ကောက်၊ ပုတီးစေ့များကိုကြည့်၍ လက်မှု့အနုပညာအဆင့်အတန်း မြင့်မားကြမည်။ အဆင့်အတန်းရှိသော လှပသော အနုပညာလက်ရာများကို ဖန်းတီးနိုင်သဖြင့် အေးချမ်းတည်ငြိမ်မှုလည်းရှိကြမည်။ အက္ခရာပါသော အုတ်ချပ်ကိုကြည့်၍ စာပေအရေးအသားရှိမည်။ သေလွန်သောအခါ အရိုးအိုးတွင် ပြာများထည့်၍ မြုပ်နှံကြမည်ဟု ယူဆရပါသည်။
မန်းချောင်းလွင်ပြင်မှ ပျူများနှင့်စကုမြို့
          စကုမြို့၏အရှေ့ဘက်၊အနောက်ဘက်၊တောင်ဘက်တို့တွင်ပျူခောတ်အထောက်အထားများကို တွေ့ရသဖြင့် စကုမြို့သမိုင်းကို သိရှိရန် လေ့လာသင့်သည်ဟု ယူဆပါသည်။ စကုမြို့ကို မည်သည့်အချိန်က တည်ထောင်ခဲ့သည်ကို လေ့လာကြည့်သောအခါ
(၁) ကြာသီးနု စကုတည် ( ? ) ဟု ရှေးလူကြီးများက မှတ်သားထားကြပါသည်။
          အထောက်အထားအားဖြင့် မြန်မာသက္ကရာဇ် ၁၂၂၂ ခု ရေးသောပေမူကို သက္ကရာဇ် ၁၂၉၅ခု ၊ စကုရွှေဂူတောရ ( ယခု ဇီးတလိုင်းတောရကျောင်း ) ဆရာတော် ဦးဝီဇယဗုဒ္ဓိရေးကူးသော စကုမြို့သမိုင်း လက်ရေးမူမှဟု ပြောကြပါသည်။ ထိုသို့ဆိုလျှင် မြန်မာသကက္ကရာဇ် ၂၆၇ ခု (အချို့ နု ကို သုည ဟုယူဆကြသည်။) တွင်စကုမြို့တည်သည်ဟု မှတ်ယူရပါမည်။ မှန်နန်းရာဇ၀င်အရ ၎င်း ၂၆၇ ခုသည် ပထမမြန်မာသက္ကရာဇ် ၂၆၆ တွင် နန်းတက်သော သေဉ်လည်ကြောင်မင်း လက်ထက်မှာလား သို့မဟုတ် ပုပ္ပါးစောရဟန်း သက္ကရာဇ်ဖြိုပြီးနောက် သက္ကရာဇ် ၂၄၀ ခုတွင် နန်းတက်သော တန်နက်မင်းလက်ထက် သက္ကရာဇ် ၂၆၇ ခုလား ဆိုတာလေ့လာရပေမည်။ ကြာသီးနု စကုတည် ၊ ကြာဖက်အင်း စလင်းတည် ၊ ကြာညိုဝိုင်း လယ်ကိုင်းတည် ဟုဆိုကြသဖြင့် စလင်းနှင့် လယ်ကိုင်းတည်ထောင်သော ခုနှစ်များကိုလည်း လေ့လာနှိုင်းယှဉ်ရပေမည်။
(၂) . . . မြန်မာရာဇ၀င်တွင် ကျန်စစ်သားမင်းတရားကြီးက သားတော် ရာဇကုမာအားနန်းမပေးသာ၍ သီရီခေတ္တရာ ဘွဲ့ပေးပြီး တောင်စဉ်ခုနှစ်ခရိုင်ကို ပေးသနားတော်မူကာ စကုတွင် နေစေသည်ဟု ဆိုထားလေသည်။ . . .
(၃) ဣတပ်သျှင် ခေါ် ကုလားကျမင်းလက်ထက် ခရစ်နှစ် ၁၁၈၇ ၌ သ္စိင်စကုကြီက သံဃာထေရ် ငတိတ်သင်ကျောင်း၌ မြေရိုင်းအချို့ကို လှူခဲ့သည်။
(၄) . . . ခဲတောင်ကြီးကျောင်း ကျောက်စာကိုထောက်၍ သက္ကရာဇ်ငါးရာကိုးဆယ်ခြောက်ခုနန်းတက်ကြောင်း ငါးရာကိုးဆယ်ခုနှစ်ခု စကုမြို့ ခဲတောင်ကြီးအရပ်၌ ပြာဿဒ်ကျောင်းဆောက်၍ လှူကြောင်း သိရသတည်း ။
          ဟူု၍ စကုမြို့နှင့် ပတ်သက်သော အစောဆုံး သက္ကရာဇ်လေးခုကိုတွေ့ရပါသည်။ ထို့ကြောင့် စကုမြို့သည် ပုဂံခောတ်တွင်ပင်စည်ကားသော မြို့တစ်မြို့ဖြစ်နေပြီဟု ယူဆရပါသည်။ ခဲတောင်ကြိးကျောက်စာအရ စည်ကားမြို့ ဖြစ်နေပါသည်။ (စကုမြို့ ၀န်းကျင်ရှိ တောင်ပိုင်းချင်းများမှာ ယခုတိုင် ရွာအဖြစ်တည်ရှိနေပါသေးသည်။ )
          မန်လူမျိုးတို့သည် အေဒီ ၈၆၇  ထိ မင်းဘူးနယ်သို့ ရောက်မလာ။ ပျူနှင့် ကရင်၊ ဗမာ နှင့်ကရင် တိုက်ခိုက်ရသည်ဟု မှတ်တမ်းမျိုးလည်း မရှိ ၊။ ပျူလူမျိုးတို့သည်လည်း အေဒီ ၁၄ ရာစုထိ ရှိနေသည် ဟုဆိုသည်။ စကုမြို့၌လည်း မြေအောက်(၁၅)ပေခန့်အထိရှိသော ရှေးဟောင်းမြို့ရိုးကြီးရှိပါသည်။ မြို့ရိုးတစ်ဖက်လျှင် ၃ဖာလုံခန့်နှင့် မြို့ရိုးတစ်ပတ် ၁  မိုင်ခန့်ရှိပါသည်။ မြို့ရိုးသည် လေးထောင့်ပုံစံဖြစ်ပြီး မြောက်စူးစူး မှ အနောက်ဘက်သို့အနည်းငယ်တိမ်းလျှက် ရှိပါသည် ။ ပျူတို့သည်လည်း ပုဂံခောတ်ထိတိုင် ရှိနေပါသေးသည်။ ထိုကြောင့် စကုမြို့သည် ပုဂံခောတ် မန်းချောင်းလွင်ပြင်မှ ပျူတို့ တည်ဆောက်ခဲ့သော မြို့ဟုယူဆနိုင်ပါသည်။
နိဂုံးချုပ်
          မန်းချောင်းလွင်ပြင်တွင် မြန်မာကျောက်သစ်တောကာလမှာ လူတို့အခြေချနေထိုင်ခဲ့ကြသည်။ ၎င်းနောက်တွင် ပျူလူမျိုးတို့နေထိုင်ခဲ့ကြသည်။ မန်းချောင်းလွင်ပြင်မှာ ပျူတို့သည် ဗိဿနိုးနှင့် ခောတ်ပြိုင်တည်ရှိ၍ ကူးသန်းဆက်ဆံမှုရှိခဲ့ကြသလား သို့မဟုတ် ဗိဿနိုး ပျက်ပြီး ခရစ်နှစ် ၁၈၀၀ နောက်ပိုင်းမှ မန်းချောင်းလွင်ပြင်သို့ရွှေပြောင်းခဲ့ကြသလားဟု ယူဆနှိုင်စရာများရှိပါသည်။ မန်းချောင်းလွင်ပြင်မှ ပျူတို့သည် စာပေအရေးအသားရှိပြီး လက်မှု့အနုပညာလည်း မြင့်မားလှကြောင်းကို တွေ့ရပါသည်။ အိုးနှင့် စဉ်ံအိုးတို့ကို ပြုလုပ်သုံးစွဲခဲ့ပြီး လက်ပံလဲမှ အ၀တ်အထည် ယက်မည်။ အဆင်တန်ဆာအဖြစ် ရွှေနှင့် ကျောက်ပုတီးများ၊ ရွှေနားတောင်းများအခြားလက်ဝတ်ရတနာများ ၀တ်ဆင်ကြမည်။ ငွေဒင်္ဂါးများဖြင့် ရောင်းဝယ်ကြမည်။ သေလွန်သောအခါ အရိုးအိုး၌ အရိုးပြာများထည့်၍ မြှပ်နှံကြမည်။ မန်းချောင်းလွင်ပြင်မှ ပျူတို့နှင့် ပတ်သက်၍ နောက်ထပ်အချက်အလက် အထောက်အထားများတွေ့ရလျှင် ၊ (စုဆောင်းဆဲဖြစ်ပါသည်။ ) စနစ်တကျ တူးဖော်နိုင်မည်ဆိုလျှင် ပို၍ တိကျသော ၊ ဖြည့်နိုင် ၊ ပြင်နိုင်သော အချက်အလက်အထောက်အထားများ ပေါ်ထွက်လာမည်ဟု ယုံကြည်ပါသည်။
ကျမ်းကိုး စာအုပ် စာတမ်း စာရင်း
၁။ ကျော်သက် ၊ ဒေါက်တာ၊ ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်း။ ရန်ကုန် ၊ပြည်သူ့ပစ္စည်းကော်ပိုရေးရှင်း (စာအုပ် နှင့် စာရေး ကိရိယာ) ။
၂။စောလူ ၊ပုဂံခေတ်မြန်မာစာပေ ၊ ပထမတွဲ။ စာပေဗိမာန်ထုတ်ပြည်သူ့လက်စွဲစာစဉ် (ပထမအကြိမ်) ၊  ၁၉၉၆ ခုနှစ် ။
၃။ ဇေယျာ၊ မောင် ၊ပျူအကြောင်း စာစုစာရင်း ။ /မောင်ဇေယျာ ၊၀င်းတင် ၊လှလှဝင်း။ မိတ္ထီလာ ဒီဂရီကောလိပ် ၊မြန်မာမှုကျမ်းရင်း အမှတ်(၄) ၊ ၁၉၉၇ ခှုနှစ် ။
၎။ နိုင်ပန်းလှ ။ ဂြီက္ခေတြ ၊ ပြည်ထောင်စုယဉ်ကျေးမှုစာစောင် ၊ အတွဲ -၃ ၊ အမှတ် -၉၊ (ဖေဖော်ဝါရီလ-၁၉၆၁ )၊ နှာ-၈၅ ။
၅။ ဖိုးလတ်၊ ဦး ။ မြန်မာ့အတိတ်ယဉ်ကျေးမှုသုတေသန ၊ ပြည်ထောင်စုယဉ်ကျေးမှုစာစောင်၊ အတွဲ-၃ ၊အမှတ်-၉ ၊ (ဖေဖော်ဝါရီလ-၁၉၆၁) ၊ နှာ ၉-၂၄။
၆။ ဘုန်းတင်ကျော် ၊ နှစ်ပေါင်း နှစ်ထောင်ကျော်ခဲ့ပြီဖြစ်သော မြန်မာ့သမိုင်း (အပိုင်း-၁) ။ ရန်ကုန် ၊ ကံကော်ဝတ်ရည်စာပေ ၊၂၀၁၀ ခှုနှစ် ။
၇။မှန်နန်းမဟာရာဇ၀င်တော်ကြီး (ပထမတွဲ) ၊ ပြန်ကြားရေးဝန်ကြီးဋ္ဌာန ၊၁၉၉၂ ဒီဇင်ဘာ (တတိယ အကြိမ်)။
၈။ မြန်မာစွယ်စုံကျမ်း ၊အတွဲ-၃ ၊ရန်ကုန် ၊စာပေဗိမာန် ၊မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း၊ ၁၉၇၅ ခုနှစ် (ဒုတိယအကြိမ်) ။
၉။ မြန်မာစွယ်စုံကျမ်း ၊အတွဲ-၅၊ ရန်ကုန် ၊စာပေဗိမာန် ၊မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း၊ ၁၉၆၄ ။
၁၀။ မြန်မာစွယ်စုံကျမ်း ၊အတွဲ-၇၊ ရန်ကုန် ၊စာပေဗိမာန် ၊မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း ၊၁၉၆၃။
၁၁။မြန်မာစွယ်စုံကျမ်း ၊အတွဲ-၉၊ ရန်ကုန်၊ ၊စာပေဗိမာန် ၊မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း ၊၁၉၆၄။
၁၂။ သာမြတ်၊ ဦး ၊ မြန်မာအက္ခရာ နှင့် ဂဏန်းသင်္ချာထုပွတ်၊ စာပေဗိမာန် ၊၁၉၇၄ (တတိယ်အကြိမ်)။ 
No comments:
Post a Comment