07 September 2013

ပြည် ၂၀ ၀င်တင်းတောင်းထဲက စကုမြို့

စကုမြို့နှင့် အနီးတ၀ိုက်တွင် ကုန်သည်ပွဲစားများက စပါးဝယ်ယူရာ၌ ပြည် ၂၀ ၀င် တင်းတောင်းများ အသုံး
 ပြု၍ ၀ယ်ယူနေကြောင်းသိရသည်။

စကုမြို့သည် ဧရာဝတီမြစ်အနောက်ဖက်ကမ်းရှိ အဓိကဆန်စပါးစိုက်ပျိုးထုတ်လုပ်ရာဒေသ တစ်ခုဖြစ်ပြီး ဆန်စပါးရောင်းဝယ်ရာ၌လည်း အစဉ်အဆက် ၁၆ ပြည်ဝင် တင်းတောင်းကို အသုံးပြုခြင်းဖြစ်သည်။ ထိုသို့ တင်းမှန်ပြည်မှန်ရောင်းဝယ်မှုပုံစံမှာ မ.ဆ.လ ခေတ်ဦးအထိ ဆက်လက်လိုက်နာကျင့်သုံးခဲ့ကြသော်လည်း ကုန်သွယ်/လယ်ယာဌာနပေါ်ပေါက်လာသော မ.ဆ.လ ခေတ်နှင့် စစ်အစိုးရများ လက်ထက်တွင် အဆိုပါ တင်းမှန်ပြည်မှန် အလေးချင်တွယ်စနစ် ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။
စကုမြို့က စပါးလုပ်ငန်းဆောင်ရွက်နေမှုကိုတွေ့ရစဉ်

ထိုမှတဆင့် နောက်ပိုင်းတွင် ကုန်သည် ပွဲစားများကသွပ်ပြည်တောင်း၏ အောက်ခြေကို ဖောင်းအောင် ထုခြင်း၊ တင်းတောင်း များတွင် အပေါ်က အနားသတ်၌ ၀ါးတစ်ခွေစာ ထပ်ပိုးခြင်း စသည့်ဖြင့် ပြုလုပ်ပြီး မရိုးမသားဝယ်ယူမှုများ ရှိလာသည်။ တဖန် တောင်သူများမှလည်း ထိုအနေအထားကို လက်မခံနိုင်သည့် အားလျော်စွာ ငွေကြေးရှင်များကို တုံ့ပြန်သော အားဖြင့် စပါးထဲ အဖျင်းအမှော်များရောခြင်း၊ ဖုန်သဲခဲများကို သန့်စင်ပြာတီးခြင်း မပြုဘဲရောင်းခြင်း၊ ရေစိုစပါးရောထည့်ခြင်း စသည်ဖြင့် တုန့်ပြန်ရာမှ ယခုလို ပြည် ၂၀ ၀င် တင်းတောင်းများဖြင့်ရောင်းဝယ်မှု အားကောင်းလာခြင်းဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သက်၍ အစဉ်အဆက်လုပ်ကိုင်ခဲ့သူ တောင်သူတစ်ဦးက အဓိက ကတော့ လူတွေ စည်း မစောင့်တာဘဲ၊ ပွင့်ဖြူမှာဆို အဲဒီလို ခေါင်းပုံဖြတ်ပြီး ၀ယ်တာမရှိဘူး၊ တစ်တင်း ၁၆ ပြည်ဘဲ၊ ဒီတော့ သူတို့ ဆီက စပါးသန့်သလို ဆန်လည်းသန့်ပြီး နာမည်တစ်လုံးရနေတာ  ဟု ဖြစ်ပေါ်နေသော အခြေအနေအပေါ် အားမလို အားမရ ပြောကြားခဲ့သည်။

အလားတူစွာ လယ်ယာကဏ္ဍ၌ ကိုယ်တိုင်လုပ်ကိုင်နေသလို ဖြစ်ပေါ်နေမှုများကို စောင့်ကြည့်လေ့လာနေသူ တစ်ဦးကလည်း ဒီကိစ္စက ကုန်သည်တွေ ညစ်တာကစတယ်၊ ဒါပေမယ့် တောင်သူတွေဘက်ကလည်း ဒါကို အဖျင်းအမှော်ရောပြီး တုံ့ပြန်တာမှားနေတယ်၊ တကယ်ဆို ဒီကိစ္စက မြို့နယ်ဆန်စပါးအသင်းလိုမျိုးကနေ ဦးဆောင်ပြီး အကြေအလည်ဆွေးနွေးပြီး တင်းမှန်အောင် လုပ်ရမှာ၊ ဒီအတွင်း ပညာပေးမှုလိုတယ်၊ ပြီးတော့ စပါးဝယ်ရာမှာလည်း ကီလိုစနစ် ပြောင်းသင့် ပြောင်းရမယ်၊ စပါးက အစိုဆိုရင် ရေဓာတ်ပါဝင်မှု ဘယ်လောက် ဆိုရင် ဘယ်ဈေး၊ လုံးဝ လက်တန်းကြိတ်လို့ရတဲ့ အဆင့်ဆိုရင် ဘယ်ဈေးစသည်ဖြင့် စနစ် တစ်ခုဖော်လိုက်ရင် ပြေလည်သွားမယ်  ဟု ထင်မြင်ချက်ကို ပြောပြခဲ့ကြောင်းသိရသည်။

No comments:

Post a Comment