16 February 2015

စကုမြို့၌ ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲများကျင်းပ

စကုမြို့၌ ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲများကျင်းပ

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့သည် လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့်မြောက်သော မွေးနေ့ဖြစ်သည်။ မြန်မာနိုင်ငံ၊ အနယ်နယ်အရပ်ရပ်ရှိ မြို့ရွာများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့် ရာပြည့်အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိဖြစ်သော နတ်မောက်မြို့တွင် ရာပြည့်အခမ်းအနားကို ခမ်းနားကြီးကျယ်စွာ ဂုဏ်ပြုကျင်းပခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးရုပ်ပုံတူ စိုက်ထူခြင်းများ၊ အနာဂတ်မျိုးဆက် ကျောင်းသားကျောင်းသူများ ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသား၍ အမှန်တရားကို မြတ်နိုးသော စိတ်ဓာတ်၊ လုပ်သင့်လုပ်ထိုက်သည်ကို မဆိုင်းမတွ ဆောင်ရွက်သော စိတ်ဓာတ်၊ အမြော်အမြင်ကြီးသော စိတ်ဓာတ်များကို ဂုဏ်ယူကျင့်သုံးနိုင်ရန်အတွက် စာသင်ကျောင်းများတွင် ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် ရာပြည့်အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ စကားပြောပွဲများ ကျင်းပခြင်းများကို ကျင်းပကြသည်။
နတ်မောက်မြို့တွင်ကျင်းပသော ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် ရာပြည့်အခမ်းအနား
မကွေးတိုင်းဒေသကြီး၊ စကုမြို့တွင်လည်း ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့်မွေးနေ့ ရာပြည့်အထိမ်းအမှတ်အားဖြင့် စာပေဟောပြောပွဲများ၊ ကဗျာရွတ်ဆိုပွဲများ၊ ကျောင်းသူကျောင်းသူများ၏ ကဗျာ၊ စာစီစာကုံး၊ စကားပြောပွဲများကိုကျင်းပခဲ့ကြသည်။


၁၀.၁၀.၂၀၁၄ ရက်နေ့တွင် မင်းဘူး/စကုမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရာပြည့်အကြိုအထိမ်း အမှတ် စာပေဟောပြောပွဲကို စကုမြို့၊ မြို့လယ်ပုညရှင်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။ စာပေဟောပြောပွဲတွင် ဇာဂနာ၊ ဇော်သက်ထွေး၊ မာဂျေ တို့မှ ဟောပြောခဲ့ကြသည်။ မင်းဘူး/စကုမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မင်းဘူး-မကွေး-မင်းလှ လမ်းဆုံတွင် ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခဲ့သည်။




ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲ၊ ကဗျာရွတ်ဆိုပွဲကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညနေ(၄)နာရီအချိန်တွင် စကုမြို့၊ ဆရာတော် ဦးတိလောက စပယ်ဦးပညာဒါနကျောင်းတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ တောင်ရပ် အခြေခံပညာ အထက်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမ
 ဒေါ်နန်းရွှေရွှေလင်း နှင့် ဆရာမ များ ကျောင်းသူကျောင်းသားများ၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။


စာပေဗိမာန် ကဗျာဆုရ ကဗျာဆရာကြီး အေးကြည်စိန်က ''ဗိုလ်ချုပ်မွေးနေ့ ဒို့မမေ့" ခေါင်းစဉ်ဖြင့် လည်းကောင်း စာရေးဆရာ သန်းထွန်း(စကု)က ''ဗိုလ်ချုပ်ကောက်ကြောင်း" ခေါင်းစဉ်ဖြင့် သိမှတ်ဖွယ်ရာများ ကို ဟောပြောပြီး ကျောင်းသူ ကျောင်းသားများက ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော ကဗျာများကို ရွတ်ဆိုကြသည်။

စကုမြို့လူငယ်များကလည်း ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့်ရာပြည့်အထိမ်းအမှတ် စကုမြို့၊ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ကဗျာရွတ်ဆိုပွဲ ပြုလုပ်ကျင်းပခဲ့သည်။


ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် ရာပြည့်အထိမ်းအမှတ် အနေဖြင့် ဂီတဖြင့် ဖျော်ဖြေအလှူခံသော မကွေးမြို့နယ်သို့ စကုမြို့ပြည်သူများက အလှူငွေများ ပါဝင်လှူဒါန်းခဲ့ကြသည်။

စကုနယ်သူနယ်သားများကလည်း  လွတ်လပ်ရေးဗိသုကာ၊ အမျိုးသားခေါင်းဆောင်ကြီး၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိမြေ ဖြစ်သော နတ်မောက်မြို့ သို့ တစ်ဦးချင်း၊ အဖွဲ့လိုက် အားဖြင့် ဆိုင်ကယ်၊ မော်တော်ကားများဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့်မွေးနေ့ ရာပြည့်အခမ်းအနားသို့ သွားရောက်၍ ဂုဏ်ပြုဆင်နွှဲခဲ့ကြသည်။

Credit to သန်းထွန်း(စကု)၊ Facebook Photos Uploder


No comments:

Post a Comment