21 February 2015

မင်းဘူး/စကုမြို့နယ်၊ ရေပုတ်ကျေးရွာအနီးတွင် ရှေးဟောင်းသုတေသနဌာနမှ ပျူအုတ်ကုန်းများတူးဖော်

စကုဒေသသည် သမိုင်းအထောက်အထားများစွာတည်ရှိသော နယ်မြေဖြစ်ပြီး အစောဆုံးအနေဖြင့် ပျူခေတ် အသုံးအဆောင် နဂါးပုံရွှေလက်ကောက်၊ ပျူငွေဒင်္ဂါးများ၊ ပျူအုတ်ချပ်များ၊ ပျူမြေအိုးများ၊ ပျူပုတီးစေ့များ ကိုလည်း တွေ့ရှိ ခဲ့ကြသည်။  ကျွဲတဲ၊ ညောင်ကိုင်း၊ မယ့်ဘေကုန်း၊ ရေပုတ်၊ ဇရပ်ကြီး ကျေးရွာများတွင် ပျူခေတ်အဆောက်အဦးများ၏ အုတ်ရိုးများကို တွေ့ရသည်။

၂၀၁၅ ဖေဖော်ဝါရီလ ၁၉ရက်နေ့က ပုဂံရှေးဟောင်းသုတေသနဌာနမှ တာဝန်ရှိသူများသည် စကုဒေသ၏ သမိုင်းဝင်အထောက်အထားများကို မှတ်တမ်းပြုစုရန် စကုမြို့သို့ ရောက်ရှိခဲ့ကြသည်။ ၂၀၁၅ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် စကုမြို့နယ်အတွင်း ကျောက်စာများ၊ ပျူခေတ်အုတ်ရိုးများ၊ နံရံဆေးရေးပန်းချီများ၊ မဟာဓမ္မိကာရာမ စာသင်တိုက်ရှိ ရုပ်စုံကျောင်းများသို့ စကုဒေသခံများနှင့်အတူ သွားရောက်ကာ မှတ်တမ်းတင်ခြင်း များပြုလုပ်ခဲ့ကြသည်။ နံရံဆေးရေး ပန်းချီများမှာ အစောဆုံး ညောင်ရမ်းခေတ်လက်ရာ များတွေ့ရှိရပြီး မူလအတိုင်း ထိန်းသိမ်းထားရန်အထူးလိုအပ်လျှက်ရှိသည်ဟု ရှေးဟောင်းသုတေသနဌာနမှ ဦးမင်းဆွေက ပြောဆိုသည်။
စကုမြို့၊ ရေပုတ်ရွာအနီး ပျူခေတ်အုတ်ရိုးအား တူးဖော်နေပုံ


၂၀၁၅ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ရေပုတ်ကျေးရွာအနီး ပျူခေတ်အဆောက်အဦးအုတ်ရိုးအား တူးဖော်ခဲ့သည်။ ရေပုတ်ရွာအနီးတွေ့ရှိရသော ပျူခေတ်အဆောက်အဦးအုတ်ရိုးသည် ဗိဿနိုးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ပျူခေတ်အဆောက်အဦး၏ ပုံသဏ္ဍာန်နှင့် နီးစပ်စွာတူညီသည်ကို တွေ့ရှိခဲ့သည်ဟု ဦးမင်းဆွေ ကပြောသည်။ သမိုင်းအထောက်အထားများဖော်ပြရာတွင် အသုံးအဆောင်ပစ္စည်းများနှင့် 
တည်ဆောက်ခဲ့သည့် အဆောက်အဦးအထောက်အထားများ ပူးတွဲဖော်ထုတ်နိုင်မှသာ ခိုင်မာမှုရှိမည်ဟု ၎င်းကဆိုသည်။

စကုမြို့၊ ရေပုတ်ရွာအနီး ပျူခေတ်အုတ်ရိုးအား တူးဖော်နေပုံ
တူးဖော်တွေ့ရှိသော အထောက်အထားများသည် စကုဒေသ အတွက်သာမက မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ဖော်ပြသော အရေးကြီးသည့် အထောက်အထားများဖြစ်ရာ စကုနယ်သူနယ်သားများ အနေဖြင့် ၀ိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန် အထူးလိုအပ်လှပါသည်။

No comments:

Post a Comment