မင်းဘူး-စကုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စကုမြို့တွင် မြို့ကော်မတီများ ဖွဲ့စည်းရန် အစည်းအဝေးကျင်းပ
၂၇-၉-၂၀၁၂
၂၇-၉-၂၀၁၂ ရက် (စနေနေ့)က စကုမြို့၊ အမှတ်(၁)ရပ်ကွက်၊ လွတ်လပ်ရေးကွင်းအတွင်းရှိ အဆောက်အအုံတွင် မင်းဘူး-စကုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီး၍ စကုမြို့ကို စည်ပင်သာယာရေးအတွက် အများပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကော်မတီများ ဖွဲ့စည်း၍ ဆောင်ရွက်သွားရန် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း မင်းဘူး-စကုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင် မှ ပြောကြားခဲ့သည်။ အစည်းအဝေးကို စကုမြို့ပေါ်ရှိ ဌာနဆိုင်ရာများ၊ အမှတ်(၁)(၂)(၃)ရပ်ကွက်များမှ အများပြည်သူ(၆၀)ဦး တို့တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဆွေးနွေးမှုများမှာ စကုမြို့လုံးဆိုင်ရာအတွက် လူဦးရေ(၂၀)ကျော်ပါဝင်သော ကော်မတီတည်ထောင် ၍ ဆပ်ကော်မတီ(၄)ခုဖွဲ့စည်းဆောင်ရွက်မည်ဖြစ်သည်။ မိန်းကော်မတီတွင် စကုမြို့ပေါ် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ပြည်သူ့ဝန်ထမ်းများ၊ မြို့ပေါ်ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်မည်ဖြစ်သည်။ ဆပ်ကော်မတီများမှာ (၁)ဈေးကြီးကြပ်ကော်မတီ (၂)မြို့သာယာလှပရေး နှင့် စိမ်းလန်းစိုပြည်ရေးကော်မတီ (၃)မီးလင်းရေးကော်မတီ (၄)တည်ဆောက်ပြုပြင်ရေးကော်မတီ များဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် အကြံပြုခဲ့သော ရေပေးဝေရေးကော်မတီမှာမူ ဖွဲ့စည်းခဲ့ခြင်းမရှိကြောင်း သိရရှိရသည်။ မိန်းကော်မတီ၏ လုပ်ငန်းဆိုင်ရာတွေ့ဆုံညှိနှိုင်းမှု အစည်းအဝေးများကို လစဉ် နောက်ဆုံးအပတ် စနေနေ့ နေ့လည်(၁း၀၀)နာရီအချိန်တွင် တွေ့ဆုံကြရန် သဘောတူညီခဲ့ကြသည်။ အစည်းအဝေး မတိုင်မီရက်များတွင် ဆပ်ကော်မတီဝင်များ အနေဖြင့် အစည်းအဝေးတွင် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ကြိုတင်ပြင်ဆင်ထားနိုင်ရန် လည်း အကြံပြုခဲ့ကြသည်။ အစည်းအဝေးတွင် စကုမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ ပြောကြားရာတွင် စကုမြို့ပေါ်မှ ယခင်နှစ်က စည်ပင်သာယာဌာနမှ စုစုပေါင်းအခွန်ရရှိငွေ ကျပ်သိန်းပေါင်း (၆၀၀)ကျော် ရရှိခဲ့ပြီး စကုမြို့အတွက် ပြုပြင်တည်ဆောက်မှုစရိတ် ကျပ်သိန်းပေါင်း (၉၀၀)ကျော်သုံးစွဲခဲ့ကြောင်း ရှင်းလင်း ပြောဆိုခဲ့သည်။
ယခုကော်မတီဝင်များမှာ စကုမြို့၏ စည်ပင်ဖွံ့ဖြိုးမှုအတွက် အမှန်တကယ်ဆောင်ရွက်နိုင်သည့် အခြေအနေရှိရန်မှာ အရေးကြီးတယ် ဟု အစည်းအဝေးတွင် တက်ရောက်ခဲ့သူ တစ်ဦးက ပြောကြားခဲ့ သည်။
စကုမြို့ပေါ်ရှိ တာဝန်ရှိ ပြည်သူ့ဝန်ထမ်း ဌာနဆိုင်ရာ အသီးသီးနှင့် မြို့ကော်မတီတို့ ပွင့်လင်းမြင်သာ သဘောထားကြီးစွာဖြင့် ကြိုးစားဆောင်ရွက်ခြင်းဖြင့် စကုမြို့နှင့်တကွ ပတ်ဝန်းကျင်ကျေးရွာများ စည်ပင် ဖွံ့ဖြိုးလာနိုင်ရန် စကုမြို့သူမြို့သား၊ စကုနယ်သူနယ်သားများမှ စောင့်ကြည့်လျှက် ရှိပါကြောင်း တင်ပြ အပ်ပါသည်။

No comments:
Post a Comment