မန္တလေး၊ နိုဝင်ဘာ ၃
မူလက တရုတ်-မြန်မာသဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာ လယ်ယာမြေများပေါ်၌ စိုက်ပျိုးခွင့်မပြုသော်လည်း ယခင်မြေပိုင်ရှင်များကို စာနာသောအားဖြင့် ရာသီပေါ်သီးနှံစိုက်ပျိုးခွင့်ပြုမည်ဟု ဆိုကြောင်း China National Petroleum Corporation-CNPC၏ Public Relation(PR)ဌာနဖြစ်သော Friendship Association for Myanmar-China Pipeline Project (FAMCPP) ၏ တာဝန်ရှိသူ တစ်ဦးဖြစ်သူ Mr.Zhang ၏ ပြောကြားချက်ကို ကိုးကား၍ စိမ်းရောင်စို Activities ဥက္ကဋ္ဌ ဦးတင်သစ် က ပြောကြားသည်။
ပိုက်လိုင်းမြှုပ်နှံရာ၌အသုံးပြုထားသော မီတာ ၃၀ ကို ပိုက်လိုင်းကုမ္ပဏီများက ဥပဒေအရ နှစ် ၃၀ ပိုင်ဆိုင်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။
ပိုက်လိုင်းဖြတ်သန်းရာလမ်းတစ်လျှောက်၌ နယ်မြေမလုံခြုံသော ဒေသများမှလွဲ၍ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်း၊ ဒေသအများစုတွင် လျော်ကြေးပေးထားပြီးဖြစ်ကြောင်း၊ မီတာ ၃၀ အပြင်ဘက်မှ ယာယီသုံးမြေအတွက်လည်း လျော်ကြေးပေးထားပြီးဖြစ်ကြောင်း၊ ရှမ်းပြည်နယ် နမ့်ခမ်း မြို့နယ်တွင်မူ လုပ်ငန်းမပြီးစီးသေးသည့်အတွက် လျော်ကြေးအပြည့်အ၀ ပေးချေမှု မပြုရသေးကြောင်း Mr.Zhang က ပြောကြားသည်။
ပိုက်လိုင်းဖြတ်သန်းရာ လမ်းတစ်လျှောက်တွင် ပိုက်လိုင်းလုံခြုံရေးအတွက် ခြံစည်းရိုးခတ်ရန် အစီအစဉ်မရှိဟု သိရကြောင်း၎င်း FAMCPP နှင့် တွေ့ဆုံရာ၌ ပါဝင်သူ စိမ်းရောင်စိုအဖွဲ့ထံမှ သိရှိရသည်။
ရန်ကုန်မြို့တော် CHATRIUM HOTEL ၌ အောက်တိုဘာလ ၁၉ ရက်နေ့တွင် CNPC ၏ PR ဌာန FAMCPP မှ တာဝန်ရှိသူများနှင့် မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ Myanmar-China Pipeline Watch Committee အဖွဲ့ဝင် ၁၂ ဖွဲ့မှ ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စိမ်းရောင်စို Activities ထံမှ စုံစမ်းသိရှိရသည်။
ယင်းတွေ့ဆုံပွဲတွင် ပွင့်လင်းမြင်သာမှု၊ EIA နှင့် SIA၊ မြေအသုံးပြုမှု နှင့် မြေလျော်ကြေး၊ ပိုက်လိုင်းအရည်အသွေး၊ သဘာဝပတ်ဝန်းကျင်၊ ပိုက်လိုင်းလုံခြုံရေးစသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း စိမ်းရောင်စို Activities ထံမှ စုံစမ်းသိရှိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ပိုက်လိုင်း မတော်မဆပေါက်ကွဲနိုင်မည့် အရေးအပေါ် မြန်မာဒေသခံများ စိုးရိမ်မှုနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိကြောင်း၊ မြေငလျင် ၉ ရစ်ခ်ျစတာစကေးအထိ ခံနိုင်ရည်ရှိကြောင်း Mr.Zang က ရှင်းပြခဲ့သည်။
The Voice Weekly - Monday, November 12-18,2012
No comments:
Post a Comment