01 December 2012

လက်ပန်းတောင်တောင်ကြေးနီစီမံကိန်းကန့်ကွက်မှု အင်အားသုံးဖြိုခွဲမှုအပြီး စကုမြို့တွင် စည်းဝေးမှုပိတ်ပင်မှုများရှိ

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်(တန်ဆောင်မုန်းလပြည့်ည)က စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်းရေး ဆန္ဒဖော်ထုတ်သပိတ်စခန်းများအား အင်အားသုံး ဖြိုခွဲမှုအပြီး (၃)ရက်မြောက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ စကုမြို့၌ လူစုလူဝေးစည်းဝေးပွဲများ မလုပ်ရ ဆိုကာ မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပိတ်ပင်မှုပြုလုပ်ခဲ့သည်။
၁-၁၂-၂၀၁၂ (စနေနေ့)တွင် စကုမြို့၊ ဘဏ်ရုံးအရှေ့ဘက်၊ ရသာမွန်စားသောက်ဆိုင်တွင် ၀ိစာရကုမ္ပဏီ၏ စိုက်ပျိုးရေးဆေးများကို ကိုယ်စားလှယ်ယူရောင်းချနေသော နီလာစိုက်ပျိုးရေးဆေးဆိုင်၏ အရောင်း မြှင့်တင်ရေးပွဲကို လူစုလူဝေးပြုလုပ်ရန် မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခွင့်ပြုမိန့်မပြုဟု ဆိုကာ ပိတ်ပင်ခဲ့သည်။ ယခင်နှစ်များတွင် နှစ်စဉ်ဆက်တိုက်ပြုလုပ်ခဲ့သော အရောင်းမြှင့်တင်ရေးပွဲများ ဆောင်ရွက်နိုင်ခဲ့သော်လည်း ယခုအကြိမ်မှ ခွင့်မပြုခြင်းမှာ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ဆန္ဒဖော်ထုတ်သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွဲမှုနှင့် ဆက်စပ်နိုင်သည်ဟု စကုမြို့ခံများက ပြောဆိုလျှက်ရှိကြသည်။ ယခုကဲ့သို့ စီးပွားရေးသက်သက်ဆောင်ရွက်သော အရောင်းမြှင့်တင်ရေး ပွဲများကိုပင် ပိတ်ပင်မှုရှိနေသည်မှာ ဒီမိုကရေစီ၏ အခြေခံအခွင့်အရေးများကို အာမခံသည့် အစိုးရ ဖြစ်ရေးထက် လုံခြုံရေးကို အဓိကထားသည့် ယခင်စစ်အစိုးရ၏ အမူအကျင့်ဟောင်းများကိုသာ မြင်တွေ့နေ ရသည်ဟု စကုမြို့ခံများက ပြောဆိုလျှက်ရှိကြသည်။

No comments:

Post a Comment