ညစ်ပေရှုပ်ပွနေတဲ့ အမှိုက်တွေ၊ ကြွပ်ကြွပ်အိတ်တွေကို ဇာတ်ရုံတွေနဲ့ ပွဲတော်ကွင်းမှာ သဘာဝ ပတ်ဝန်းကျင် ကို ချစ်မြတ်နိုးတဲ့ အစိမ်းရောင်မျိုးဆက်လူငယ်များ(စကုမြို့)အဖွဲ့က စကုမြို့ဝန်းကျင်ကျေးရွာ များမှ လူငယ်များနှင့် ပူးပေါင်းပြီး လိုက်လံကောက်ယူရှင်းလင်းတဲ့ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။
ဒီအမှိုက်ကောက် ကြွပ်ကြွပ်အိတ်ကင်းစင်ရေး လှုပ်ရှားမှုများကို စိတ်တူကိုယ်တူဆောင်ရွက်ခဲ့ကြတဲ့ လူငယ်တွေနဲ့ ကွန်ယက်သဖွယ်စုစည်းနေကြတဲ့ လူငယ်တွေဟာ ပြီးခဲ့တဲ့နှစ် ၂၀၁၁ ခုနှစ်ကတည်းက အစိမ်းရောင်မျိုးဆက်လူငယ်များ(စကုမြို့)အမည်နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုတွေကို တနိုင်တပိုင်ဆောင်ရွက်နေကြတာပါ။ မြို့အနီးဝန်းကျင်က ဘုန်းကြီးကျောင်းတွေနဲ့ ရွာချင်းဆက်လမ်းတွေ မှာ သစ်ပင် တနိုင်တပိုင်စိုက်ကြတယ်။ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတုန်းက ဆရာအော်ပီကျယ်၊ ဆရာမ သန်းမြင့်အောင်၊ ဆရာ ကိုမြင့်ဇော် တို့ ဟောပြောခဲ့တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စာပေ ဟောပြောပွဲကို ကျင်းပခဲ့ကြပါတယ်။
၂၀၁၂ ခုနှစ်ကုန်ပိုင်းမှစ၍ စကုမြို့နဲ့ (၂)မိုင်ပတ်လည်တ၀ိုက်မှာ (၂)ပတ်တစ်ကြိမ် ကြွပ်ကြွပ်အိတ်ကောက်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း စတဲ့လှုပ်ရှားမှုတွေကို သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင်နဲ့ လုပ်ကြမည်ဟုလည်း သိရသည်။
ကြွပ်ကြွပ်အိတ်ကောက်သန့်ရှင်းရေးလုပ်ခြင်းဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ ရောက်တယ် လို့ မြင်ပါတယ်၊ ဒါ ပထမအချက်ပါ။ ဒုတိယအချက်က အစည်းအဝေးတွေ၊ အခမ်းအနားတွေ၊ အားကစား ပြိုင်ပွဲကြီးတွေ၊ ပွဲလမ်းသဘင်တွေ လုပ်ကြတယ်။ ပွဲတော်ကြီးပြီးသွားပြီ၊ အမှိုက်တွေ ကြွပ်ကြွပ်အိတ်တွေ ကတော့ ဖွေးဖွေးလှုပ်ကျန်နေခဲ့တာကတော့ မဖြစ်သင့်ဘူးပေါ့။ ပွဲပြီးရင် ပြီးပြီလို့ သဘောမထားစေလိုဘူး။ အလုပ်တွေကို အလုပ်နဲ့တူအောင် လုပ်ဖို့လိုတယ်။ လုပ်တဲ့အလုပ်တွေဟာ ဘာပဲလုပ်လုပ် ပြီးအောင်လုပ်ဖို့ အဆုံးသတ်တတ်ဖို့ အနားသတ်တတ်ဖို့လိုလိမ့်မယ်။ ဒီအလေ့အကျင့်ကို လူတွေရစေချင်တယ်။ ကျနော်တို့ ကိုယ်တိုင်လည်း လေ့ကျင့်ယူတဲ့သဘောပါဘဲ။ ဒီလှုပ်ရှားမှုကို ဦးဆောင်သူတွေထဲက ကိုနေမျိုးကျော်က သူတို့ လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ကို ပြောပြပါတယ်။
No comments:
Post a Comment