10 January 2013

မကွေးတိုင်းဒေသကြီး၊ စကုမြို့၊ မြတ်ပေါင်းမဉ္ဇူ စေတီတော်

မကွေးတိုင်းဒေသကြီး၊ စကုမြို့ မြတ်ပေါင်းမဉ္ဇူ စေတီတော်
      ကျွန်တော်တို့ တောမြို့ကလေးတွင် တောရ ကျောင်းများရှိပါသည်။ ဇီးတလိုင်း၊ မေဃဝန်၊ မဟာမြိုင်၊ ပန်းထုံကုန်း၊ ကူကြီးကုန်း၊ စွယ်တော်ကုတ် စသည်တို့ဖြစ်ပါသည်။ တောရကျောင်းများသည် အဝေးမှကြည့်လျှင် ညို့ညို့ ဆိုင်းဆိုင်းနှင့် ပျော်စရာကောင်းလှပါသည်။ ဝါတွင်း ကာလများတွင် ကျွန်တော်တို့ ငယ်ငယ်က လူကြီးမိဘ များနှင့်အတူ တောရကျောင်းများသို့ သွားရသည်ကို မမေ့နိုင်သေးပါ။ ကျွန်တော်တို့ ငယ်ငယ်သွားရောက်ခဲ့ သည့် တောရကျောင်းများထဲတွင် ပန်းထုံကုန်းတောရ လည်း အပါအဝင်ဖြစ်ပြီး မြို့နှင့်အနီးဆုံးဖြစ်ပါသည်။ နွားကူးချောင်းကို ဖြတ်ပြီးဆောက်ထားသော သစ်သား တံတားနှင့်၊ အုတ်တံတားကို ဖြတ်ပြီးသွားရပါသည်။ ကျွန်တော်တို့မြို့ကလေး၏ ဦးပိန်တံတား အသေး စားလေးဖြစ်ပါသည်။ ပန်းထုံကုန်းတောရကျောင်းတွင် အခြားတောရကျောင်းများကဲ့သို့ ဘုန်းတော်ကြီးကျောင်းထိုင်ခြင်း မရှိဘဲ ရသေ့တစ်ပါးသာနေပါသည်။ 

ပန်းထုံကုန်းတောရ ကျောင်းသို့သွားရာ ထန်းတံတား
အခြား ထူးခြား ချက်တစ်ခုမှာ ကျောင်းဝိုင်းအတွင်း၌ စကျင်ကျောက်ဖြူ ပေါ်တွင် ရေးထိုးထားသော ကမ္ပည်း ကျောက်စာတိုင် ရှိပါသည်။ ရွှေခုံမ်တိုင် မင်းသမီးကုသိုလ်တော် ကျောက် စာ ဟု သတိထားမိခဲ့ပါသည်။ စာသားရှင်းလင်းမှုမရှိသည့် အပြင် ပါဠိဆန်ဆန် စကားလုံးများ ပါနေသဖြင့် မည်သူမျှ သတိထားဖတ်ရှုခဲ့ခြင်းမရှိပါ။ 

 ပန်းထုံကုန်းတောရကျောင်း








အသက်ငယ်ငယ် အသိမကြွယ်ခဲ့တာလည်း ပါပါသည်။ မွေးရပ်ဇာတိနှင့် အနှစ် ၃ဝ ကျော် ကွဲကွာခဲ့ပြီးမှ၊ အခြေချနေထိုင် သည့် အချိန်တွင်မှ ငယ်ငယ်တုန်း က အမှုမဲ့၊ အမှတ်မဲ့ နေလာခဲ့သော ပန်းထုံကုန်းကျောင်းဝိုင်းထဲက ရွှေ ခုံမ်တိုင်မင်းသမီး ကုသိုလ်တော် ကျောက်စာကို ပြန်ပြီးဖတ်ဖြစ်သည်။ မိုးရေ ရာသီဥတုတိုက်စားမှုကြောင့် မနည်းဆက်စပ်ဖတ်ရသည်။ သည် တော့မှ ကျောင်းဝိုင်းထဲက စေတီ တော်၏ဘွဲ့တော်အမည်မှာ မြတ်ပေါင်းမဉ္ဇူဟုသိခဲ့ရသည်။ မြတ်ပေါင်းမဉ္ဇူ ဘွဲ့တော်နှင့် ရုပ်ပွားတော် တစ်ဆူကို ပခန်းစည်သူရှင်ဘုရားတွင်လည်း ဖူးခဲ့ရသည်။ သရက္ခန်ရုပ်ပွားတော် ငါးဆူကို ထုလုပ်ရာမှ ပိုသော စူးစာ၊ ဆောက်စာများကို စုပေါင်း၍ ထုလုပ် ကိုးကွယ်ထားခြင်းဖြစ်သည်။ ပန်းထုံကုန်းရှိ မြတ်ပေါင်းမဉ္ဇူစေတီတော် သမိုင်းကို တင်ပြပါဦး မည်။ ပန်းထုံကုန်းဆိုသည်မှာ မြို့နှင့် မနီး၊ မဝေးနေရာတွင် နွားကူးချောင်း ခြားလျက်တည်ရှိသောကုန်းမြေငယ် တစ်ခု ဖြစ်ပါသည်။ ရှေးကမူ သစ် ကြီး၊ ဝါးကြီးများ ထူထပ်အုံ့ဆိုင်းနေ ပါလိမ့်မည်။ တောပန်း၊ တောင် ပန်းရနံ့တို့ဖြင့် ပျံ့သင်း မွှေးထုံသည့် နေရာဖြစ်သဖြင့် ပန်းထုံကုန်း ဟု အမည်တွင်ခဲ့ခြင်းဖြစ်ပါသည်။ ယင်း နေရာသည် နှလုံးအလွန် တင့်တယ် လျောက်ပတ်သော နေရာလည်း ဖြစ် ပြီး ရှေးဆရာတော်များလည်း နှလုံး မွေ့လျော်ဖွယ်ရာကောင်းသည်ဟု မိန့် ဆိုတော်မူခဲ့ကြကြောင်း ကျောက်စာ တွင် ဖော်ပြထားပါသည်။ ယင်းနေရာတွင် ပထမဆုံး အခြေချ သီတင်းသုံးရန် ရောက်ရှိ လာသည့် ပုဂ္ဂိုလ်မှာ စကုမြို့၊ ကိုး ဆောင်ကျောင်း (စာရေးသူ၏ နေအိမ် အနီးတွင်ရှိပါသည်) ကျောင်းထိုင် ဆရာတော်ကြီး ဦးဇာဂရ ဖြစ်ပါသည်။ ကျောင်းမှာ စကုမြို့၏ အရှေ့ဖျား တွင်တည်ရှိသော သက်တမ်းရင့် စာသင်ကျောင်းတိုက်ကြီးတစ်ကျောင်း ဖြစ်ပါသည်။ ကျောင်းတိုက်ကြီး၏ တည်ရာ စကုမြို့ကို ကျောက်စာတွင် စကုနာမေ၊ ပါဒနှစ်ဖြာ၊ စက်တော်ရာ ၏၊ တည်ရာကြောင်းဟိတ်၊ ဗြုပ်နိ မိတ်ကြောင့်၊ ခတ်နှိပ်ဘွဲ့ချည်၊ စကု အမည်ရှိထသော ဟု ဝိဂြိုဟ်ပြုခဲ့ပါ သည်။ ဆက်စပ်၍ ကိုးဆောင် ကျောင်းတိုက်ကြီး၏ သမိုင်းကြောင်း ကို တင်ပြပါဦးမည်။ ကျောင်းတို က်ကြီးကို ကောဇာ သက္ကရာဇ် ၁၁၂၆ ခုနှစ်တွင် ဆရာ တော် ဦးဓမ္မပါလက စတင်တည် ထောင်ခဲ့ပြီး ဆရာ၊ တပည့် စဉ်ဆက် သီတင်းသုံးတော် မူခဲ့ကြပါသည်။ ဒုတိယ ဆရာတော် ဦးတေဇောသာရ၊ တတိယ ဆရာတော် ဦးစန္ဒာသီရိတို့ အစဉ်အဆက် သီတင်းသုံးတော် မူခဲ့ ကြပါသည်။ အရှင် တေဇောသာရ သည် ပရမတ္ထမေဒိနီ (သဂြိုဟ်ကျမ်း ကို မြန်မာဘာသာဖြင့် ဖွင့်ဆိုသည့် ကျမ်း)ကို ပြုစုတော် မူခဲ့ကြောင်း သိရပါသည်။ စတုတ္ထမြောက် ဆရာ တော်မှာ ဦးဇာဂရ ဖြစ် ပါသည်။ ပိဋကတ်စာပေနှင့်ပတ်သက်၍ ထင် ရှားသော ကျောင်းတိုက်ကြီးတစ်ခု ဖြစ်ကာ ကျောင်းဝိုင်းအတွင်းတွင် ပိဋကတ်တိုက်ကြီးကို ယနေ့ထိထင် ရှားစွာ တွေ့မြင်နိုင်ပါသေးသည်။ ဆရာတော် ကြီး ဦးဇာဂရသည် ပရိယတ္တိစာပေ သင်ကြားပို့ချနေခဲ့ ရာမှပဋိပတ္တိနယ်ပယ်သို့ ကူးပြောင်း ရန် စာသင်တိုက်ကို တပည့်ကြီးများ အား လွှဲအပ်တော်မူခဲ့ပြီး ၁၂၂၅ ခုနှစ် တွင် ပန်းထုံကုန်းတောရသို့ ပြောင်း ရွှေ့သီတင်းသုံးကာ တရားဓမ္မ၌ မွေ့ ပျော်တော်မူခဲ့ပါသည်။ မြန်မာမင်းများလက် ထက်တွင် မြို့၊ ကျေးရွာများကို အုပ်ချုပ်စီမံရာ တွင် ကြီးရိုး၊ စီးရိုးဟူ၍ နှစ်မြို့ ပိုင်း ခြားအုပ်ချုပ်ခဲ့ကြပါသည်။ ကြီးရိုး ဆိုသည်မှာ သူကြီးရိုးရာ ဖြစ်၍ စီးရိုး ဆိုသည်မှာ မြင်းစီးသည့် အစု အဖွဲ့ မျိုးရိုးဖြစ်ပါသည်။ စကုမြို့သည် စီးရိုး အုပ်ချုပ်ခဲ့သည့်မြို့ဟု ယူဆနိုင် ပါ သည်။ စကုမြို့အဝင် ထီးကြီးဘုရား ရှေ့ဘက်တွင် မြင်းဝန်မင်း တည် သော ဘုရားတစ်ဆူရှိပါသည်။ ကျွန် တော်တို့ဘုန်းကြီးကျောင်းသား တုန်းက မြင်းဝန်ဘုရားဟု အသိများ ကာ ကလေးသဘာဝ ဆော့ကစားခဲ့ ရာနေရာများဖြစ်ပါသည်။ မင်းတုန်း မင်းလက်ထက် သက္ကရာဇ် ၁၂၂၅- ၁၂၂၆ ခုနှစ်ကာလများတွင် မြင်းစီး တို့၏ အကြီးအမှူးပုဂ္ဂိုလ်မှာ တုရင် ဣန္ဒကျော်ခေါင်ဖြစ်ပါသည်။ ဆရာ တော်ကြီး ဦးဇာဂရအား ကြည်ညို ကိုးကွယ်ရင်းစွဲရှိ သူ ဒကာလည်း ဖြစ်နိုင်ပါသည်။ ကျောက်စာဖော် ပြချက်အရ တုရင် ဣန္ဒကျော်ခေါင် က ဆရာ တော်ကြီး ဦးဇာဂရအား သိမ်ဒါယကာဖြစ်လိုကြောင်း အခွင့်ပေးပါ ရန်လျှောက်ထားခဲ့ပါသည်။ ဝိနည်း တော်နှင့်အညီ ဖြစ်စေရေးအတွက် တုရင် ဣန္ဒကျော်ခေါင်အား ဝိသုံ ဂါမဘောဇက အသီးအခြား ရွာစား ခန့်အပ်ခွင့်တောင်းကာ သိမ် ကို ဆောက်လုပ်လှူဒါန်းခဲ့သည်။ မကွေး စကုဂိုဏ်းအုပ် ဆရာတော်ကြီးများကို ပင့်ဆောင်ကာ သိမ်သမုတ်တော်မူ ခဲ့ကြသည်။ သက္ကရာဇ် ၁၂၂၆ခု၊ ဝါလဆန်း ၅ ရက်နေ့ နေ့ ၂ ချက် တီးအချိ န်အောင် မြင် အထမြောက် ကြောင်း ကမ္ပည်းကျောက်စာ ရေးထိုး ခဲ့သည်။ သိမ်၏ အမျိုးအစားမှာ ဗဒ္ဓ သိမ်ဖြစ်ပြီး သိမ်ဘွဲ့တော်မှာ အဝိပ္ပဝါ သ သိ မ်တော်ဟု သမုတ်ထားခဲ့ သည်။ အဝိပ္ပဝါသဆိုသည်မှာ မခွဲ မခွာနေထိုင်ခြင်းဟု အဓိပ္ပာယ်ဆောင် သည်။ သိမ်ဝင်သည့် သံဃာတော် များအနေဖြင့် သာသနာရေးအတွက် မခွဲမခွာ၊ မကွဲမကွာ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန် ရည်ရွယ် ချက်ဖြင့် ဤဘွဲ့ကို မှည့်ခေါ်လေသလားမပြောတတ်ပါ။ သိမ်ဆောက် လုပ်လှူဒါန်းခဲ့သည်မှာ နှစ်ပေါင်း ၁၅ဝ ခန့် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် အဆောက်အအုံ အစအနများကို ယနေ့ မတွေ့မမြင်နိုင်တော့ပါ။ နယ်နိ မိ တ်မှတ်တိုင်များကိုသာ တွေ့မြင် နိုင်ပါတော့သည်။ သိမ်နှင့် တစ်ဆက်တည်း မှာပင် မြတ်ပေါင်းမဉ္ဇူစေတီတော်ကို တည် ထားလှူဒါန်းခဲ့ပါသေးသည်။ ကောင်းမှု ကုသိုလ်ရှင် ကမ္ပည်းကို သီမဒါယကာ၊ ပညာလျှံထိပ်၊ ဘွဲတံဆိပ်ဖြင့်၊ ခပ်နှိပ်ထင်ထင်၊ တုရင် ဣန္ဒကျော်ခေါင်၊ ရှေ့ဆောင် နောက် သွား၊ သက်နှံထားသည့်၊ မယား မယ်နု၊ ဆင်းရွှေနုနှင့်၊ ရုပ်ထုရွှေရောင်၊ ရူပဆောင်သည့်၊ မောင်ရိုးသားကြီး၊ တသီးမည်ကြံ၊ ထက်မိုးယံ၌၊ စံကွန့် ရွှင်ပ၊ နှိုင်းမမျှသား၊ ကညာ့ နတ် မှီး၊ ချစ်မညီးသည့်၊ သမီးသူဇာ၊ ဒါယိ ကာတို့၊ များစွာကုသိုလ်၊ မြတ်မဂ်ဖို သို့ ဟု ရေးထိုးခဲ့ပါသည်။ ရိုးရိုးရှင်း ရှင်းရေးလျှင် တုရင် ဣန္ဒကျော်ခေါင် ဇနီးမယ်နု၊ သားမောင်ရိုး၊ သမီး မသူ ဇာကောင်းမှုဖြစ်ပါလိမ့်မည်။ တုရင်ဣန္ဒကျော်ခေါင်တို့ မိသား စုက ပန်းထုံကုန်းတွင် သိမ်နှင့် စေတီ တော်တည်ထားကိုးကွယ်သည့် ကာ လတွင် အခြားကုသိုလ်ရှင် တစ်ဦး ကလည်း ဤသာသနာ့မြေပေါ်တွင် တစ်မျိုးထူးခြားစွာ ကုသိုလ်ယူခဲ့ပါ သေးသည်။ အလှူရှင်မှာ နေမျိုး ဇေယျ ရွှေတောင်၊ ဇနီးမယ်နု၊ သား မောင်ကံသာနှင့် မောင်ထွန်းအုံတို့ မိ သားစုဖြစ် ပါသည် ။ ကမ္ပည် း ကျောက်စာတွင် နေမျိုးဇေယျ ရွှေ တောင်၊ ဘွဲ့တန်ဆောင်ဖြင့်၊ အန် ထောင်ကြိမ်းပ၊ ဣဿရဟု၊ ဂုဏ ထပ်ဆင့်၊ ကြီးမြင့်ပေါင်းထုံ၊ ပြီးပြည့် စုံ၏။ သက်လုံရွယ်ပြု၊ ဆင်းရွှေဥနှင့် မယ်စုကြင်ယာ၊ သီးချာရင်သွေး၊ ချစ် မဝေးသည့်၊ ပျံ့မွှေးသာယာ၊ မောင် ကံသာတည့်၊ သညာတဖုံ၊ ညီထွန်း အုံဟု၊ လုံးစုံများစွာ၊ ဒါယကာတို့ ဟု ရေးထိုးမှတ်တမ်းတင်ထားပါ သည်။ အလှူရှင်သည် မန်းစက် တော်ရာ န ှ စ် ဆူကို အထူးကြည် ညို သဒ္ဓါပွားပုံရပါသည်။ ပန်းထုံကုန်း သာသနာ့မြေပေါ်တွင် စက်တာ်ရာပွား တစ် ဆူ တည် ထား ကိုးကွယ်ပြီး နောက် ကျိန်းဝပ်စံပယ်ရန် အုတ် ပြာသာဒ် တည်ဆောက်ကာ ရွှေထီး အဆင့်ဆင့် ကိ ုပါ တင်လှူခဲ့သေး သည်။ ခြေတော်ရာပွားနှင့် ပြာသာဒ် ဆောင် လှူဒါန်းခဲ့ပုံကို ပြိုးပြက်ခြောက် ရောင် ထိန်လင်းပြောင်သား၊ စက် တော်ပွားကို၊ တည်ထားကိုးကွယ်၊ ရည်ရွယ်ပြီးနောက်၊ မြကျောက် စိန် ပန်၊ အတန်တန်ဖြင့်၊ စီမံထူးဆန်း၊ အခန်းခန်းတည့်၊ ခြူးပန်းခြူးနွယ်၊ တင့်တယ်လျောက်ပတ်၊ အုတ်ပြာသာဒ် ကြီး၊ ရှုမငြီးကို ၊ ရွှေထီးအဆင့်ဆင့်၊ တင်မြှောက်လွွှင့်ကာ၊ ကိုးကွယ်ပါ သား၊ အကျိုးအားဖြင့် စသည်ဖြင့် ကမ္ပည်းရေးထိုးခဲ့ပါသည်။ အုတ် ပြာသာဒ်နှင့် ခြေတော်ရာပွာမှာ ယနေ့ ကာလအထိ တည်ရှိခဲ့သော်လည်း ရန်ကုန်မှ အလှူရှင်တစ်ဦးက ခြေ တော်ရာပွားကို အသစ်ပြုပြင်ကာ ဆေးရေးမွမ်းမံခဲ့သဖြင့် နှစ် ၁၅ဝ နီး ပါး သက်တမ်းရှိ ရှေးဟောင်းအမွေ အနှစ် လက်ရာတစ်ခု ပျက်စီးခဲ့ရ သည်။ ကုသိုလ်လိုချင်၍ လုပ်ရိုးမှန် သော်လည်း သမိုင်းတန်ဖိုး၊ ယဉ် ကျေးမှုတန်ဖိုးများ ဆုံးရှုံးခဲ့ရသည်။ ထိန်းသိမ်းစောင့်ရှောက်သူများ သတိပြု ဆောင်ရွက်သင့်သောအချက် ဖြစ်ပါ သည်။ ကျွန်တော် ပင်စင်မယူမီမိသားစု အတွက် လယ်တစ်ကွက်ဝယ်ခဲ့ရာ ကံအားလျော်စွာ ကျွန်တော့် လယ် မြေသည် ပန်းထုံကုန်းကျောင်းဝိုင်း နှင့် ချောင်းခြားလျက် တည်ရှိပါ သည်။ ပင်စင်ယူပြီး မိမိလယ်တော နှင့် နီးစပ်ရာ ဤဒေသသို့ မကြာခဏ ရောက်ဖြစ်ခဲ့သည်။ ကျောက်စာတိုင် မှာ မိုးရေ၊ နေပူဒဏ်တို့ကြောင့် အတော်ပင်မှေးမှိန်နေပြီဖြစ်ပါသည်။ စေတီတော်မှာတော့ ကညန ဦးစီး မှူး၏ ဘက်စုံပြုပြင်ကုသိုလ်ယူထား မှုကြောင့် တင့်တယ် သပ္ပာယ်လျက်ရှိ ပါသည်။ ဘုရားသမိုင်းကို လေ့လာရင်း ဒေသ၏ သမိုင်းအချက်အလက်များ ကိုပါ တစ်နွယ်ငင်၊ တစ်စင်ပါလေ့လာ သိရှိခွင့်ရခဲ့ပါသည်။ တုရင် ဣန္ဒကျော် ခေါင်နှင့် နေမျိုးဇေယျရွှေတောင်တို့ ၏ အကြောင်းကိုပါ ဆက်လက်လေ့ လာစရာဖြစ်လာပါသည်။ သူတို့၏ ဇနီးများဖြစ်ကြသော မယ်စုနှင့် မယ်နု တို့မှာ ညီအစ်မ တော်စပ်သူဖြစ်လေ သလား။ အတွေးပွားစရာဖြစ်ပါသည်။ ထို့ထက်ပို ၍စိတ်ဝင်စားစရာ ကောင်းသည်မှာ ရွှေခုံမ်တိုင်မင်းသမီး ပြဿနာဖြစ် ပါသည်။ အချို့သော ကျောက်စာများတွင် သာဓု ဝိလာ သိနီ သံပိုင်းကျောက်စာ စသည်ဖြင့် ထိပ်စီးတင် ရေးထိုးလေ့ရှိကြသော် လည်း ဤကောင်းမှု ကျောက်စာကို ရွှေခုံမ်တို င် မင်းသမီး ကုသိုလ် တော်ကျောက်စာဟု အတိအလင်းရေး ထိုးထားပါသည်။ ကျောက်စာ အစမှ အဆုံး နှစ်ဘက်လုံးတွင် ရွှေခုံမ်တိုင် ဟူသော အမည်လုံးဝ မတွေ့ရခြင်းက ထူးခြားနေပါသည်။ ဤသို့ဆိုလျှင် ရွှေခုံမ်တိုင်မင်းသမီးဆိုသူမှာ မည်သူ ပါနည်း။ ကောင်းမှုရှင်စာရင်းတွင် သူ့ အမည်မပါဘဲ အဘယ့်ကြောင့် ထိပ် စည်းတင်၍ ရေးခဲ့ပါသနည်း။ မယ်စု သို့မဟုတ် မယ်နုသည်ပင် ရွှေခုံမ် တိုင် မင်းသမီး၏ ငယ်မည်ဖြစ်လေ သလား။ စသည် စသည်ဖြင့် မေးခွန်း ပေါင်း များစွာ ထွက်ပေါ်လာခဲ့သည်။ ဘုရားသမိုင်းနှင့် ဆက်စပ်ပြီး သုတေ သန ပြုလေ့လာစရာတွေ ကျန်ပါသေး သည်။
                                                                                                                        သန်းထွန်း စကု

Source: http://www.zaygwet.com/pagoda.php?id=93

No comments:

Post a Comment