ကုန်းဘောင်ခေတ်ကရေးသားခဲ့သောပေစာထုပ်များ ထိန်းသိမ်းစောင့်ရှောက်ရန်ခက်ခဲနေ
၉၊၁၊၂၀၁၃
မကွေးတိုင်းဒေသကြီး၊ စကုမြို့နယ်၊ ကသက်ကျေးရွာ၊ ရွာဦးကျောင်းတွင် မြန်မာသက္ကရာဇ်(၁၁၇၄)ခုနှစ်က ရေးသားခဲ့သော ရှေးဟောင်းအမွေအနှစ် ဗုဒ္ဓကျမ်းစာရွှေရည်သုတ်လိမ်းထားသော ပေစာထုပ်များအား ထိန်းသိမ်းစောင့်ရှောက်ရန် အခက်အခဲဖြစ်နေ၍ ရွာဦးကျောင်းဆရာတော်နှင့် ရွာသူ၊ ရွာသားများမှ ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လှူဒါန်းရန် ဆွေးနွေးခဲ့ကြသည်။
 |
စကုမြို့နယ်၊ ကသက်ကျေးရွာမှ မြန်မာသက္ကရာဇ်(၁၁၇၄)ခုနှစ်က ပေစာထုပ်များ |
သက်တော်(၉၁)နှစ်ရှိပြီဖြစ်သော ကျောင်းထိုင်ဆရာတော်ကြီး ဦးဝါယမ မှ လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ပြီး ယခုအခါ ကျန်းမာရေးမကောင်းသဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန် အခက်အခဲဖြစ်နေသောကြောင့် ယခုကဲ့သို့ လှူဒါန်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အုပ်ချုပ်ရေးမှူး ဦးကြည်မိုးမှ ပေစာတွေ ဒီလောက်ရှိမှန်း ကျနော်တို့ မသိခဲ့ပါဘူး။ ၀ယ်ချင်တဲ့သူတွေဆီက သတင်းပေါက်ကြားလို့ စစ်ဆေးကြည့်တဲ့အခါ အချပ်ရေ(၄၀)၀န်းကျင်ပါတဲ့ အထုပ်ပေါင်း(၆၀)ကျော်ကို တွေ့ရှိခဲ့ပါတယ်။ ဒီလောက်ကောင်းတဲ့ ပေစာတွေကို ဘယ်သူ့ကိုမှ မရောင်းနိုင်ပါဘူး။ ရပ်မိရပ်ဖတွေနဲ့ တိုင်ပင်တဲ့အခါ တန်ဖိုးကြီးမားတဲ့အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ဟု ပြောခဲ့ပါသည်။ ဦးဇင်းကြီး ဦးပဏ္ဏိတ မှလည်း အနည်းငယ် ဖတ်ကြည့်ဖူးပါတယ်။ ကျမ်းတွေကတော့ ၀ိနည်းကျမ်း၊ နိသရကျမ်း၊ အဌကထာ နှင့် အဘိဓမ္မာ ကျမ်းတွေ ဖြစ်ပါတယ်။ ပိုးဟပ်တွေ ကိုက်လို့ အပျက်အစီးတွေရှိတဲ့အတွက် ထိန်းသိမ်းဖို့ မလွယ်ကူပါဘူး ဟု မိန့်ကြားခဲ့သည်။
(၈.၁.၂၀၁၃)ရက်နေ့ထုတ် သမဂ္ဂဂျာနယ်မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment