စာတမ်းပြုစုသူ - ဇော်မျိုးဦး
မန်းချောင်းလွင်ပြင်မှပျူများအကြောင်းမပြောခင် မန်းချောင်းလွင်ပြင်၏ ပထ၀ီအနေအထားကို အနည်းငယ် သိရန်လိုအပ်သည်ဟု ထင်ပါသည်။ မန်းချောင်း(ရှေးအခေါ် နမန္တာမြစ်)သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်အတွင်းတည်ရှိပြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၏ အနောက်တောင်ဘက် ရခိုင်ရိုးမတွင် မြစ်ဖျားခံ၍ အရှေ့ ဘက်သို့ စီးဆင်းနေပါသည်။ (၇၈)မိုင်ခန့်ရှည်လျားပြီး ဆည်တော်ရွာမှစ၍ မြေပြန့်အဖြစ်သို့ စတင်ရောက်ရှိ လာပါသည်။ ၄င်းနေရာတွင် မန်းချောင်းလွင်ပြင်သည် တစ်မိုင်ခန့်ကျယ်ဝန်းပါသည်။ သို့သော်လည်း မြေပြန့် စစ်စစ် မဖြစ်သေးပါ။ ဆက်လက်၍ စီးဆင်းလာရာ စကုမြို့(မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၁၃ မိနစ် ၃ စက္ကန့်
နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၆ မိနစ်)မြောက်ဘက်မှ ကပ်၍ ဖြတ်သန်းစီးဆင်းပြီး မင်းဘူးမြို့အထက် ငါးမိုင်ခန့်တွင် ဧရာဝတီမြစ်နှင့် ပေါင်းဆုံပါသည်။ မြစ်ဆုံနေရာတွင် မန်းချောင်းလွင်ပြင်၏ အကျယ်မှာ (၇)မိုင် မှ (၈)မိုင်ထိရှိပါသည်။ ဆည်တော်ရွာမှ မြစ်ဆုံအထိ မန်းချောင်း၏ အရှည်မှာ မိုင်(၃၀)ကျော်ခန့်ရှိပါသည်။ မန်းချောင်းအောက်ခင်း ကျောက်စရစ်မှာထူပါသည်။
မန်းချောင်းလွင်ပြင်သည် ပင်လယ်ရေမျက်နှာပြင်အထက်ပေ(၁၈၀)ခန့်တွင်တည်ရှိပြီး မြောက်ဘက်နှင့် အရှေ့ဘက်နိမ့်၍ တောင်ဘက်နှင့် အရှေ့တောင်ဘက်သို့ တဖြည်းဖြည်းမြင့်တက်သွားပါသည်။ စကုမြို့၏ တောင်ဘက်တွင်ရှိသော သမိုးချောင်း (ခ)သားမွေးချောင်း (ခ)နွားကူးချောင်းသည် ရေပုတ်ရွာ အနီးမှ မန်းချောင်းအတွင်းသို့ စီးဝင်ပါသည်။ မန်းချောင်း၏ နှုန်းတင်မြေနုပို့ချမှုကြောင့် နုံး၊ သဲ၊ ရွံ့စေးတို့ သည် အချို့နေရာတွင် အထပ်လိုက်၊ အလွှာလိုက်တည်ရှိပြီး မြေဆီလွှာမှာ နိုက်ထရိုဂျင်နှင့် ဖောစဖိတ် များစွာပါဝင်၍ သီးနှံများ စိုက်ပျိုးဖြစ်ထွန်းပါသည်။
ရာသီဥတုမှာ အပူပိုင်းဇုံအတွင်းကျရောက်ပါသည်။ နွေရာသီတွင် ပျှမ်းမျှအပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ် အထက်ရှိပြီး ညနေပိုင်းများတွင် အနောက်နှင့် အနောက်တောင်မှ လေနီကြမ်း၊ လေပြင်းများ တိုက်ခတ် တတ်ပါသည်။ တခါတရံ မိုးများ ရွာသွန်းတတ်ပါသည်။ မိုးဥတုတွင် ဇူလှိုင်နှင့် သြဂုတ်လတွင် မိုးရွာပြီး မိုးရေချိန်အများဆုံး (၁၇.၅၉)လက်မခန့်ရှိပါသည်။ မိုးရွာရက်ပေါင်း (၅၀)ခန့်သာရှိပါသည်။ ဆောင်းရာသီ တွင် ဒီဇင်ဘာလနှင့် ဇန်န၀ါရီလဆန်းပိုင်းမှာ အအေးဆုံးဖြစ်ပြီး အရှေ့မြောက်မှ လေအေးများ တိုက်ခတ် ပါသည်။ ပျှမ်းမျှအပူချိန် (၃၅)ဒီဂရီ စင်တီဂရိတ်နှင့် ပျှမ်းမျှမိုးရေချိန်(၄၀)လက်မခန့်ရှိပါသည်။ အပူပိုင်း ဆဗားနားမြက်ခင်းဥတုဖြစ်ပါသည်။
အပူပိုင်းမြက်ခင်းဥတုများဖြစ်ပြီး မြေပြန့်လွင်ပြင်များဖြစ်သဖြင့် အပူဒဏ်ခံနိုင်သော မန်ကျည်း၊ ထနောင်း၊ ထန်း၊ ကုက္ကိုင်၊ တမာ၊ ရှား၊ လက်ပံ၊ ရှားစောင်း၊ ဆူးခြုံပင်များပေါက်ပါသည်။ မြေအောက်ရေကြောမှာ
ပေ(၈၀)ခန့်သာရှိသဖြင့် ရှေးက လက်ငင်ရေတွင်းကြီးတူး၍ စိုက်ပျိုးရေးအတွက် အသုံးပြုခဲ့ကြသည်။
ရှေးယခင်ကမူ သစ်ပင်သစ်တောကလည်းထူ၊ ရာသီဥတုကလည်း ယခုလောက်မပူသဖြင့် မန်းချောင်း လွင်ပြင်သည် ယခုလောက်ကျယ်ပြန့်မည်မဟုတ်ပေ။
အရင်နှစ်(၈၀၀၀)မှ (၂၀၀၀)အထိ (မြန်မာကျောက်သစ်ကာလ)မန်းချောင်းလွင်ပြင်
ရေပုတ်ရွာသည် စကုမြို့အရှေ့ဘက် (၄)မိုင်အကွာ မင်းဘူး-စကုကားလမ်း၏ မြောက်ဘက်နှင့် မန်းချောင်း ၏တောင်ဘက် မန်းချောင်းလွင်ပြင်ပေါ်တွင် တည်ရှိပါသည်။ ၄င်းရွာ၏ အနီးပတ်ဝန်းကျင်၌ စိုက်ပျိုးရန် ထယ်ထိုးသောအခါ ကျောက်လက်နက်များကို မကြာခဏ တွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင်တွေ့ရှိရသော
ကျောက်လက်နက်(၆)မျိုးအနက် အမင်းတပ်လက်နက်မှလွဲ၍ ကျန်လက်နက်များကို တွေ့ရှိရပါသည်။
တွေ့ရှိရသော ကျောက်လက်နက်များမှာ စင်းလုံးချော၊ ပြောင်ချောလက်နက်များဖြစ်ပါသည်။ အသေးငယ် ဆုံးအသွား(၃.၅)စင်တီမီတာ၊ ထု (၁)စင်တီမီတာ၊ နောက်ရှည်အလျား (၄.၅)စင်တီမီတာရှိပါသည်။ ထို့ထက် ကြီးသော ကျောက်လက်နက်များကို တွေ့ရှိရပါသည်။

ဒေသခံရွာသားများက မိုးကြိုးသွားဟု ကောက်ယူသိမ်းဆည်းသလို ဓားသွေးကျောက်အဖြစ် အသုံးပြုသူများ လည်းရှိပါသည်။ ယင်းလက်နက်များသည် ရေပုတ်ရွာတစ်ရွာလုံးတွင် (၅၀)ကျော်ခန့်ရှိမည်ထင်သည်။
ရေပုတ်ရွာမှ ကျောက်လက်နက်များသည် စင်းလုံးချောဖြစ်ပြီး သေးငယ်သော လက်နက်များလည်းပါသည်။ တိရစ္ဆာန်အရိုးအချို့နှင့် ဦးချိုအချို့ပါတွေ့ရှိရသဖြင့် အရင်နှစ် ၁၀၀၀၀ မှ ၂၀၀၀ အထိ ကျောက်သစ်ကာလ အတွင်း မန်းချောင်းလွင်ပြင်၍ ရေပုတ်ရွာအနီးတွင် အခြေချနေထိုင်သော ကျောက်သစ်လူများ ရှိကြမည်ဟု ယူဆနိုင်ပါသည်။
စိုက်ပျိုးရေးကို စတင်သော အရှင်နှစ် ၈၀၀၀ နောက်ပိုင်းတွင် စိုက်ပျိုးရေးအတွက်ကောင်းမွန်သော မန်းချောင်းလွင်ပြင်၍ ကျောက်သစ်လူတို့ နေထိုင်ခဲ့ကြပေလိမ့်မည်။ မန်းချောင်းလွင်ပြင် ရေပုတ်ရွာအနီးမှ
ကျောက်သစ်လူတို့သည် မန်းချောင်းရေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ကြမည်။ ချောင်းထဲမှ ငါးဖမ်းမည်။ လက်ပံပင်များပေါ်များသဖြင့် လဲမှ အ၀တ်အထည်ရက်လုပ်မည်။ အနီးပတ်ဝန်းကျင်တွင် တောတန်းငယ်များ မှ အမဲလိုက်မည်။ အိုးများပြုလုပ်မည်။ အနုပညာအလှအပအဖြစ် ထိုးကွင်းများထိုးကြမည်။
ယခုတိုင်မရိုးနိုင်သော သုံးပင်နှစ်ခန်းဝါးခင်း၊ ထန်းလက်တဲလေးများဖြင့် နေထိုင်ခဲ့ကြလိမ့်မည်ဟု ယူဆနိုင်ပါ သည်။
မန်းချောင်းလွင်ပြင်မှ ပျူခေတ်အထောက်အထားများ
ကျောက်သစ်ကာလ သို့မဟုတ် ချဲ့ထွင်ရေးကာလ (အရင်နှစ် ၁၀၀၀၀ မှ ၂၀၀၀ အထိ) ပြီးနောက် ရွာကနေ
မြို့ဖြစ်သောကာလ ခရစ်နှစ်(၁)ရာစုမှ (၅)ရာစုအတွင်းဖြစ်ပါသည်။ ဗိဿနိုးမြို့ဟောင်းအချိန်ဟု သိရသည်။ ပျူ ယဉ်ကျေးမှု ထွန်းကားသော ကာလဖြစ်ပါသည်။ ယင်းကာလအတွင်း မန်းချောင်းလွင်ပြင်တွင် ပျူတို့ နေ ထိုင်ခဲ့သော အထောက်အထေားများကို တွေ့ရှိရပါသည်။
ရွှေစက်တော်ဘုရား(မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၃၀ မိနစ် ၃ စက္ကန့် နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၆ မိနစ်)ရှိ အထက်စက်တော်ရာအနီး သားရေကျက်စေတီနှင့် စတု မဟာရာဇ်စေတီ၊ ရှေးဟောင်းစေတီကုန်း
ပျက်နှင့် မြားကျစေတီတို့တွင် ဗြဟ္မီအက္ခရာပါပျူအုတ်ချပ်များနှင့် လက်ရေးစင်း ပျူအုတ်ချပ်များကို တွေ့ရှိ ရပါသည်။
မန်းချောင်းလွင်ပြင်တွင် နောက်ထပ် ပျူအထောက်အထားအများဆုံးတွေ့ရှိရသော ဒေသများမှာ စကုမြို့ အရှေ့ဘက် (၂)မိုင်အကွာ ညောင်ကိုင်းရွာ၏ အရှေ့ဘက် မန်းချောင်းတောင်ဘက်ကမ်းပါး၊ ရေပုတ်ရွာအနီး ဇရပ်ကြီးတောင်ပေါ်တောရကျောင်း ပတ်ဝန်းကျင်၊ အလမ္ပါယ်ကျေးရွာနှင့် မယ့်ဘေ့ကုန်းကျေးရွာအနီးတို့
တွင်ဖြစ်ပါသည်။

ရပါသည်။ အုတ်လွှာ အလွှာ(၂၀)ရှိပါသည်။ မျက်မြင်အားဖြင့် မြေပြင်အောက်(၃)ပေခန့်ရှိပါသည်။ ၎င်းအုတ်
ရိုးသည် ကမ်းပါးမြေထဲမှ အရှေ့မြောက်သို့ စောင်းလျှက်ထိုးထွက်နေပါသည်။
ထို့ကြောင့် ၎င်းအဆောက်အဦးသည် မြောက်အရပ်မှ အရှေ့ဘက်သို့ (၄၀)ဒီဂရီခန့် တိမ်းစောင်းလျှက်တည် ရှိခဲ့သည်ဟု ယူဆနိုင်ပါသည်။ ၎င်းအုတ်ရိုးတည်ရှိရာ ကမ်းပါးမြေပေါ်တွင်တောင်ဘက်မှ အုတ်ရိုးတည်နေရာ
နှင့် (၂)ပေခန့်ခွာ၍ ရှေးဟောင်းသုတေသနဌာနမှ အလျား (၁၀)ပေ၊ အနံ(၂)ပေ၊ အနက်(၅)ပေခန့် စမ်းသပ် တူးဖော်ကြည့်သောအခါ အုတ်ရိုးကို မတွေ့ရသဖြင့် ၎င်းအဆောက်အဦးသည် မန်းချောင်းရေတိုက်စားမျှု တွင် ပါဝင်သွားသည်ဟု ယူဆရပါသည်။ တောင်ဘက်ဆုံးနံရံတစ်ခုသာ ကျန်တော့သည်ဟု မှတ်ယူရပါမည်။
မျက်မြင်အားဖြင့် ပေ(၃၀)ခန့်ရှည်းလျားပြီး (၅)ပေခန့် အမြင့်ရှိပါသည်။
မန်းချောင်းကမ်းပါးပြိုကျပြီးနောက် ၎င်းအုတ်ရိုးတည်နေရာ၏ အရှေ့ဘက် ပေ(၅၀)ခန့်တွင် ငါးရှာသူများက မန်းချောင်းရေထဲမှ ပျူဒင်္ဂါးများ(၁၀၀ ခန့်) တွေ့ရှိပါသည်။
တွေ့ရှိရသော ဒင်္ဂါးများမှာ အရွယ်အစားအားဖြင့် အကြီး၊ အသေးနှစ်မျိုးတွေ့ရပါသည်။ ပုံသဏ္ဍာန်မှာ ဗိဿနိုးတွင် တွေ့ရသော ဒင်္ဂါများနှင့် တူညီမှုရှိပါသည်။ အချို့ဒင်္ဂါးများပေါ်တွင် အပေါက် တစ်ခု သို့ နှစ်ခု ပါဝင်သည်ကို တွေ့ရပါသည်။ ဗိဿနိုးမှာတွေ့ရသော အချို့ဒင်္ဂါးများတွင်လည်း အလားတူ အပေါက်များ
ပါသည်ဟုသိရပါသည်။ ထို့ကြောင့် ဗိဿနိုးပျူနှင့် မန်းချောင်းလွင်ပြင်မှ ပျူတို့သည် အယူအဆ၊ ကိုးကွယ် ယုံကြည်မှု ဆက်စပ်မှု ရှိနိုင်ပါသည်။
-----------------------------------------ဆက်လက်ဖော်ပြပါမည်-----------------------------------------
သမိုင်းသိ၍ တန်ဖိုးရှိပါသည်
ReplyDelete