16 August 2013

လူငယ် နှင့် IT ၏ အခြားသော စာမျက်နှာ

ယနေ့ခေတ်သည် IT ခေတ်ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု နှင့် အတူ စီးပွားရေး အခွင့်အလမ်းများလည်း အတော်အတန် ပွင့်လန်းလာနေရာ လူအများအနေနှင့်လည်း IT ပစ္စည်းများနှင့် ပတ်သက်ပြီး ယခင်ထက် လက်လှမ်းမီ သုံးစွဲလာမှုများ ရှိလာခဲ့သည်။

ဆက်သွယ်ရေးနည်းပညာတွင် ကောင်းကွက်များစွာရှိရာ ထိုအထဲ လုပ်ငန်းတစ်ခုကို လုပ်ကိုင်ရာတွင်အချိန်
နှင့် စရိတ်စက ကုန်ကျမှုများကို ချုံ့ပစ်နိုင်ခြင်း၊ မိမိသင်လိုသော ဘာသာရပ်ဆိုင်ရာနှင့် လိုအပ်သော အချက်အလက်များကို လွယ်ကူလျှင်မြန်စွာ ရှာဖွေရယူနိုင်ခြင်း၊ လူမှုမီဒီယာမှတဆင့် ကမ္ဘာနှင့်တ၀ှမ်း အယူ အဆ၊ အတွေးအမြင်များ ဖလှယ်နိုင်ခြင်း စသည့် ကောင်းမွန်သော အချက်များရှိရာ အသုံးချတတ်လျှင် ချသလောက် အကျိုးရှိမည်မှာ မလွဲပေ။

သို့ရာတွင် ကိစ္စအတော်များများရှိ ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေတတ်ရာ IT နှင့် ပတ်သက်၍လည်း ကောင်း
သောဘက်မှ ကြည့်မြင်အသုံးချတတ်ရန် ယခုအခါ ပို၍လိုအပ်လာပြီဖြစ်သည်။


ပြည်တွင်းတွင် လက်ရှိထုတ်ဝေနေသော ဂျာနယ်များ၊ စာစောင်များတွင် မကြာခဏဆိုသလို အဓမ္မပြုကျင့်မှု သတင်းများကို ဖတ်ရှုလာနေရသည်။ အလားတူစွာ ရှေ့မှာ နာမည်ကျော် သရုပ်ဆောင်တစ်ဦး၏ မဖွယ်မရာ အညှီအဟောက် ဗီဒီယိုဖိုင်တစ်ခု Online မှ ပြန့်နှံ့ခဲ့ခြင်း၊ မကြာခင်က သန်လျင် GTC မှ ကျောင်းသား
ကျောင်းသူ လူငယ်စုံတွဲ၏ မဖွယ်မရာ ဗီဒီယို ဖိုင်ကိစ္စ စသည်ဖြင့် ထွက်ပေါ်လာခဲ့ခြင်းက ယနေ့ မြန်မာ့ လူ့အဖွဲ့အစည်းအတွင်းရှိ လူငယ်များကြား ဟီရိသြတပ္ပတရား ကျဆင်းဆုတ်ယုတ်လာမှုကို ပြဆိုနေသော အချက်ဟုဆိုလျှင် မှားမည်မထင်။ ထို့အတူ မကွေးတက္ကသိုလ်တွင်လည်း လူငယ်စုံတွဲများ၏ အမြင်မတော်ပုံ
များ၊ ဖိုင်များ Online ပေါ်တင်ခြင်း၊ ဖြန့်ဝေခြင်း စသည်တို့ရှိခဲ့ရာ ထိုကိစ္စမှာ တစ်နိုင်ငံလုံးအနေနှင့် မည်မျှ အထိ ပြန့်နှံ့အားကောင်းနေပြီလဲ စဉ်းစားဖွယ်ရာပင်ဖြစ်သည်။ မဖွယ်မရာကိစ္စကို ပြုသူက အရှက်
အကြောက်ကင်းမဲ့စွာဖြင့် လည်းကောင်း မပြုသင့်၊ မပြုအပ်ရာ နေရာမှာပြုသည်။ ဒါကို ခိုးကြောင် ခိုးဝှက်
သော်လည်းကောင်း အစီအစဉ်ရှိစွာဖြင့်လည်းကောင်း ရိုက်ကူးဖြန့်ချီသူက ဖြန့်ချီသည်။ ပြဿနာက လူ့ကျင့်ဝတ်သိက္ခာကို အဟိတ်တိရိစ္ဆာန်ဘ၀ရောက်အောင် ဆွဲချနေသော ပြကွက်များပမာ ဖြစ်နေတော့ သည်။

စကုမြို့တွင်လည်း ယခုအခါ လက်ကိုင်ဖုန်း၊ အမ်ပီဖိုး ကိုင်ဆောင်သူ များပြားလာသည်နှင့်အမျှ လူငယ်များ အကြား မဖွယ်မရာပုံများ၊ ညစ်ညမ်းဇာတ်ကားများ စသည်တို့ကို လက်သိပ်ထိုး၍ အချင်းချင်းမျှဝေမှုများ အများအပြားရှိနေကြောင်းသိရသည်။ ပိုဆိုးသည်မှာ စာသင်ကျောင်းများအတွင်း ထိုကိစ္စက ၀င်ရောက် ထိုးနှက်လာခြင်းဖြစ်သည်။ သတ္တမတန်းကျောင်းသားအရွယ်တို့၏ Handset, MP4 စသည်တို့ထဲတွင် ထည့် သွင်းလျှက်အချင်းချင်း ဖလှယ်၍ ကြည့်ရှုခြင်းများ ရှိလာသလို မဖွယ်မရာပုံများ၊ ညစ်ညမ်းဇာတ်ကားများ ကို အခကြေးငွေယူ၍ ထည့်သွင်းပေးသည့်သူများပင် ရှိလာသည်။ အဆိုပါ သတ္တမတန်းကျောင်းသားက ရည်းစားနှင့် ချိန်းတွေ့စဉ် ကောင်းမလေးကို ထိုပုံများ၊ ညစ်ညမ်းဇာတ်ကားများကို ပြသည်။ နောက်ဆက်တွဲ အနေနှင့် မည်သို့ဖြစ်နိုင်မလဲဆိုသည်ကို အလွယ်တကူ သိရှိနိုင်ပေသည်။

ဆိုရလျှင် ကျောင်းသားလူငယ်များအတွင်း ထိုသို့ဖြစ်ပျက်နေမှုအပေါ် တာဝန်ရှိသည်ဆိုလျှင် သည်တာဝန် က တစ်ဦး တစ်ယောက် တစ်စုတစ်ဖွဲ့ဆိုသည်ထက် လူ့အဖွဲ့အစည်းဝင်အားလုံး၏ တာဝန်ပင်ဖြစ်သည်။ အိမ်တွင် မိဘက မည်မျှ ဆိုဆုံးမပါစေ ကျောင်းသားလူငယ်များ ထိတွေ့ဆက်ဆံနေရသည်မှာ ကျောင်းတွင်း အသိုင်းအ၀ိုင်း နှင့် မိမိနေထိုင်ရာ ပတ်ဝန်းလည်းရှိနေရာ ကလေးတစ်ဦးကို လမ်းမှန်သို့ ပို့ဆောင်ညွှန်ပြဖို့ ဆိုသည်မှာ အားလုံး၏ တာဝန်ပင်ဖြစ်သည်။ ထို့အတွက် ကောင်းမွန်သော ကျောင်းပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင်တို့လိုမည်။ မှန်ကန်သော ပညာပေးမှုလိုမည်။ ထိုနည်းတူစွာ မဖွယ်မရာပုံများ၊ ညစ်ညမ်းဇာတ် ကားများကို အခကြေးငွေဖြင့် ဖြန့်ဖြူးနေသူများ၊ အချင်းချင်းလက်သိပ်ထိုးဖြန့်ဝေနေမှုများ စသည်တို့ကို
လည်း တရားဥပဒေနည်းလမ်းဖြင့် ထိရောက်စွာ အပြစ်ပေးအရေးယူဖို့လိုမည်။

အချုပ်အားဖြင့်ဆိုရလျှင် IT တွင် တိုးတက်မှုဆီဦးတည်သော ထွက်ပေါက်တစ်ခုရှိသလို ဆုတ်ယုတ်မှုဆီ ပိတ်မိနိုင်သော ထောင်ချောက်တစ်ခုလည်း ရှိနေရာ ထိုအချက်ကို သတိပြုဖို့ဖြစ်သည်။ တနည်းဆိုရသော်
ကောင်းသည့်ဘက်တွင် အသုံးချသော အလင်းဘက်ခြမ်းနှင့် မကောင်းသည့်ဘက်၌ အသုံးချသော အမှောင်ဘက်ခြမ်း။ ကောင်းသည့်ဘက်မှာ အသုံးချတတ်ဖို့ဆိုလျှင် ဆင်ခြင်မှုနှင့် ဉာဏ်ပညာလိုမည်။ မှန်ကန်သည့် လမ်းညွှန်မှုများလိုမည်။ ထို့ကြောင့်မိဘများအနေနှင့်လည်း မိမိတို့သားသမီးများ၏ အနေ
အထိုင်၊ အပြုအမူများနှင့် ပတ်သက်ပြီး စောင့်ကြည့်အကဲခတ်လျှက် လွဲမှားနေပါက အချိန်မီပြုပြင် တည့်မတ်
ပေးဖို့ လိုပါလိမ့်မည်။ အလားတူစွာ ကျောင်းဝန်းကျင်နှင့် လူ့အဖွဲ့အစည်းတို့မှလည်း ၀ိုင်းဝန်းပဲ့ပြင် ထိန်းကျောင်းဖို့လိုမည်။ ထိုသို့ စုပေါင်းတာဝန်ယူမှုဖြင့် လူငယ်များအတွက် ကောင်းမွန်သော အနာဂတ်များ ကို ပြုစုပျိုးထောင်နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။

No comments:

Post a Comment