05 September 2013

စကုမြို့မှ ရထားပျောက်မှု

ယခုအခါ ဧရာဝတီမြစ်အနောက်ဖက်ကမ်း ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ဖောက်လုပ်ခဲ့သော ရထားလမ်းတွင် စကုမြို့အပိုင်း၌ ရထားပြေးဆွဲမှုများ ရပ်တန့်နေကြောင်းသိရသည်။
အဆိုပါရထားလမ်းမှာ ဒေသဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စလင်း၊ ဆင်ဖြူကျွန်းမှသည် မင်းဘူး/စကုမြို့နယ်နှင့် မင်းလှ၊ သရက်မြို့တို့တိုင် ဖောက်လုပ်ထားသော ရထားလမ်းဖြစ်သည်။


စီမံကိန်းမှာ ယခုငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ၏ ဒုဥက္ကဋ္ဌဖြစ်သော သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ်ရှိစဉ် လွန်ခဲ့သော သုံးနှစ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တစ်နှစ်
 ကျော်၊ နှစ်နှစ်ခန့်သာ နေ့စဉ် ကားရထားတစ်စီးပုံမှန်ပြေးဆွဲခဲ့သော်လည်း ယခုအခါပြေးဆွဲနိုင်ခြင်းမရှိဘဲ ရပ်တန့်နေသည်မှာ တစ်နှစ်ခန့် ရှိလာပြီဖြစ်သည်။







ထိုကိစ္စနှင့်ပတ်သက်၍ ဒေသခံအချို့မှ ရထားသံလမ်းမူလီများ ဖြုတ်အခိုးခံရ၍ ဖြစ်ကြောင်း ပြောဆိုကြသော် လည်း သက်ဆိုင်ဌာန၏ တာဝန်ရှိသူများမှမူ မည်သည့်ပြောဆိုရှင်းလင်းမရှိဟု သိရသည်။

ကျနော်တို့ ရထားဖောက်တုန်းက လယ်ယာမြေဆုံးရှုံးနစ်နာမှုတွေအတွက် မြန်မာ့မီးရထားကို သင့်တင့်တဲ့   ပေးလျော်ငွေ ပေးဖို့ လယ်သမားတွေအနေနှင့် လက်မှတ်ထိုး တောင်းဆိုထားပါတယ်၊ ရထားလမ်း က အနံအကျယ်ပေ (၅၀) ရှိပါတယ်၊ အချို့လယ်သမားတွေဆို ရှိတဲ့ လယ်ယာမြေအားလုံးပါသွားပြီး လယ်ယာမြေ လက်မဲ့ဖြစ်သွားပါတယ်၊ တရုတ်က ရေနံ၊ ဓာတ်ငွေ့ပိုက်လိုင်းတုန်းကဆိုရင် (၁)ဧက ကို  နစ်နာမှုအတွက် ပေးလျော်ငွေ (၈၃)သိန်းရခဲ့ပါတယ် ဟု ထနောင်းတောကျေးရွာ ရွာသားတစ်ဦးဖြစ်သော ကိုစိုးလွင်ပိုက်က  ပြောသည်။

ရထားလမ်းဖောက်လုပ်စဉ် လယ်ယာမြေသိမ်းဆည်းခံရသော ဒေသခံများက ရထားလမ်းဖောက်လုပ်စဉ် မိမိတို့အနေနှင့် လျော်ကြေးလည်း မည်မည်ရရ မရရှိခဲ့သလို နိုင်ငံတော်အတွက်လည်း (ရထားပြေးဆွဲနိုင်   ခြင်းမရှိ၍) အဟောသိကံဖြစ် စသည်ဖြင့် နှစ်ဦးနှစ်ဖက်အကျိုးမဲ့သော စီမံကိန်းများတွင်ကို နောင်တွင် အကောင်အထည်မဖော်စေလိုဘဲ အကယ်၍ စီမံကိန်းရေးဆွဲမည်ဆိုလျှင်လည်း နိုင်ငံနှင့် ဒေသအတွက် အမှန်တကယ် အကျိုးရှိမရှိ ကျွမ်းကျင် သူပညာရှင်များနှင့် သေချာစွာ ဆန်းစစ်လေ့လာပြီးမှသာ လုပ်ဆောင်စေချင်ကြောင်း ပြောဆိုလျှက်ရှိကြသည်။

1 comment:

  1. လာရောက်သွားပါတယ် ဘလော့ဂ်လေးကောင်းပါတယ်ဗျာ ...
    အောက်ကလင့်ကိုလည်း လာခဲ့နော် စကုသား တစ်ယောက်ရဲ့ အဝေးရောက်ဘလော့လေးပါ... :D
    http://royalcherry.blogspot.com/2012/10/blog-post_9998.html

    ReplyDelete