21 February 2015

မင်းဘူး/စကုမြို့နယ်၊ ရေပုတ်ကျေးရွာအနီးတွင် ရှေးဟောင်းသုတေသနဌာနမှ ပျူအုတ်ကုန်းများတူးဖော်

စကုဒေသသည် သမိုင်းအထောက်အထားများစွာတည်ရှိသော နယ်မြေဖြစ်ပြီး အစောဆုံးအနေဖြင့် ပျူခေတ် အသုံးအဆောင် နဂါးပုံရွှေလက်ကောက်၊ ပျူငွေဒင်္ဂါးများ၊ ပျူအုတ်ချပ်များ၊ ပျူမြေအိုးများ၊ ပျူပုတီးစေ့များ ကိုလည်း တွေ့ရှိ ခဲ့ကြသည်။  ကျွဲတဲ၊ ညောင်ကိုင်း၊ မယ့်ဘေကုန်း၊ ရေပုတ်၊ ဇရပ်ကြီး ကျေးရွာများတွင် ပျူခေတ်အဆောက်အဦးများ၏ အုတ်ရိုးများကို တွေ့ရသည်။

၂၀၁၅ ဖေဖော်ဝါရီလ ၁၉ရက်နေ့က ပုဂံရှေးဟောင်းသုတေသနဌာနမှ တာဝန်ရှိသူများသည် စကုဒေသ၏ သမိုင်းဝင်အထောက်အထားများကို မှတ်တမ်းပြုစုရန် စကုမြို့သို့ ရောက်ရှိခဲ့ကြသည်။ ၂၀၁၅ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် စကုမြို့နယ်အတွင်း ကျောက်စာများ၊ ပျူခေတ်အုတ်ရိုးများ၊ နံရံဆေးရေးပန်းချီများ၊ မဟာဓမ္မိကာရာမ စာသင်တိုက်ရှိ ရုပ်စုံကျောင်းများသို့ စကုဒေသခံများနှင့်အတူ သွားရောက်ကာ မှတ်တမ်းတင်ခြင်း များပြုလုပ်ခဲ့ကြသည်။ နံရံဆေးရေး ပန်းချီများမှာ အစောဆုံး ညောင်ရမ်းခေတ်လက်ရာ များတွေ့ရှိရပြီး မူလအတိုင်း ထိန်းသိမ်းထားရန်အထူးလိုအပ်လျှက်ရှိသည်ဟု ရှေးဟောင်းသုတေသနဌာနမှ ဦးမင်းဆွေက ပြောဆိုသည်။
စကုမြို့၊ ရေပုတ်ရွာအနီး ပျူခေတ်အုတ်ရိုးအား တူးဖော်နေပုံ

16 February 2015

စကုမြို့၌ ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲများကျင်းပ

စကုမြို့၌ ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲများကျင်းပ

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့သည် လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့်မြောက်သော မွေးနေ့ဖြစ်သည်။ မြန်မာနိုင်ငံ၊ အနယ်နယ်အရပ်ရပ်ရှိ မြို့ရွာများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့် ရာပြည့်အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိဖြစ်သော နတ်မောက်မြို့တွင် ရာပြည့်အခမ်းအနားကို ခမ်းနားကြီးကျယ်စွာ ဂုဏ်ပြုကျင်းပခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးရုပ်ပုံတူ စိုက်ထူခြင်းများ၊ အနာဂတ်မျိုးဆက် ကျောင်းသားကျောင်းသူများ ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသား၍ အမှန်တရားကို မြတ်နိုးသော စိတ်ဓာတ်၊ လုပ်သင့်လုပ်ထိုက်သည်ကို မဆိုင်းမတွ ဆောင်ရွက်သော စိတ်ဓာတ်၊ အမြော်အမြင်ကြီးသော စိတ်ဓာတ်များကို ဂုဏ်ယူကျင့်သုံးနိုင်ရန်အတွက် စာသင်ကျောင်းများတွင် ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် ရာပြည့်အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ စကားပြောပွဲများ ကျင်းပခြင်းများကို ကျင်းပကြသည်။
နတ်မောက်မြို့တွင်ကျင်းပသော ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် ရာပြည့်အခမ်းအနား
မကွေးတိုင်းဒေသကြီး၊ စကုမြို့တွင်လည်း ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့်မွေးနေ့ ရာပြည့်အထိမ်းအမှတ်အားဖြင့် စာပေဟောပြောပွဲများ၊ ကဗျာရွတ်ဆိုပွဲများ၊ ကျောင်းသူကျောင်းသူများ၏ ကဗျာ၊ စာစီစာကုံး၊ စကားပြောပွဲများကိုကျင်းပခဲ့ကြသည်။

01 January 2014

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ

ဟက်ပီး နယူးရီးယား ဆိုတဲ့အသံတွေ စပြီးကြားလိုက်ရပြီး ၂၀၁၄ ခုနှစ် ထဲကို စတင်လို့ ရောက်ရှိသွားခဲ့ပါပြီ
စကုမြို့ရဲ့ နှစ်သစ်ကူးညမှာတော့ တချို့က ပလက်ဖောင်းပေါ်မှာ တချို့က မီးရောင်အောက်မှာ၊ မိမိ သူငယ်ချင်း မိတ်ဆွေများစုပေါင်း လို့ သီချင်းဆို၊ ၀ိုင်းဖွဲ့စားသောက်၊ သီချင်းတွေဆိုကြရင်း ပျော်ရွှင်စွာ
ဖြတ်သန်းနေကြပါတယ်။

နှစ်သစ်မှာ လူသားအားလုံး တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ အခွင့်အရေး တန်းတူ ညီမျှခြင်းများ ပြည့်ဝစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေ လို့ စကုမြေ ဖွံ့ဖြိုးရေးကွန်ယက်က ဆုတောင်းမေတ္တာချွေအပ်ပါသည်။

07 September 2013

ပြည် ၂၀ ၀င်တင်းတောင်းထဲက စကုမြို့

စကုမြို့နှင့် အနီးတ၀ိုက်တွင် ကုန်သည်ပွဲစားများက စပါးဝယ်ယူရာ၌ ပြည် ၂၀ ၀င် တင်းတောင်းများ အသုံး
 ပြု၍ ၀ယ်ယူနေကြောင်းသိရသည်။

စကုမြို့သည် ဧရာဝတီမြစ်အနောက်ဖက်ကမ်းရှိ အဓိကဆန်စပါးစိုက်ပျိုးထုတ်လုပ်ရာဒေသ တစ်ခုဖြစ်ပြီး ဆန်စပါးရောင်းဝယ်ရာ၌လည်း အစဉ်အဆက် ၁၆ ပြည်ဝင် တင်းတောင်းကို အသုံးပြုခြင်းဖြစ်သည်။ ထိုသို့ တင်းမှန်ပြည်မှန်ရောင်းဝယ်မှုပုံစံမှာ မ.ဆ.လ ခေတ်ဦးအထိ ဆက်လက်လိုက်နာကျင့်သုံးခဲ့ကြသော်လည်း ကုန်သွယ်/လယ်ယာဌာနပေါ်ပေါက်လာသော မ.ဆ.လ ခေတ်နှင့် စစ်အစိုးရများ လက်ထက်တွင် အဆိုပါ တင်းမှန်ပြည်မှန် အလေးချင်တွယ်စနစ် ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။
စကုမြို့က စပါးလုပ်ငန်းဆောင်ရွက်နေမှုကိုတွေ့ရစဉ်

ဇီဝက အခမဲ့ကုသိုလ်ဖြစ်ဆေးခန်း၊ စကုမြို့

ဇီဝက ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း ၊ စကုမြို့
စကုမြို့၊ ဘုန်းတော်ကြီးကျောင်းများ၏ နာယကဆရာတော်တို့သည် ဇီဝက ကုသိုလ်ဖြစ်ဆေးခန်းကြီးကို မင်းဘူး-စကုကားလမ်းမတွင် ခရီးသွားပြည်သူများထံမှ နေ့စဉ် အလှူခံ၍ လည်းကောင်း၊ စကုမြို့တွင်း အလှူခံ ရရှိမှုများဖြင့်လည်းကောင်း၊ စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုများဖြင့် ၁၃၇၂ခု၊   တော်သလင်း လပြည့်ကျော် ၂ ရက် ( ၂၅.၉.၂၀၁၀)နေ့၌ တည်ထောင်ခဲ့ရာ ၁၃၇၅ခု၊ တော်သလင်း လပြည့်ကျော် ၂ ရက်  ( ၂၅.၉.၂၀၁၃)ရက်နေ့၌ သုံးနှစ်ပြည့်တော့မည်ဖြစ်ပါသည်။

05 September 2013

စကုမြို့မှ ရထားပျောက်မှု

ယခုအခါ ဧရာဝတီမြစ်အနောက်ဖက်ကမ်း ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ဖောက်လုပ်ခဲ့သော ရထားလမ်းတွင် စကုမြို့အပိုင်း၌ ရထားပြေးဆွဲမှုများ ရပ်တန့်နေကြောင်းသိရသည်။
အဆိုပါရထားလမ်းမှာ ဒေသဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စလင်း၊ ဆင်ဖြူကျွန်းမှသည် မင်းဘူး/စကုမြို့နယ်နှင့် မင်းလှ၊ သရက်မြို့တို့တိုင် ဖောက်လုပ်ထားသော ရထားလမ်းဖြစ်သည်။

16 August 2013

အမြီးနှုတ် ခေါင်းနှုတ် စိုက်ပျိုးစရိတ်ချေးငွေ

စကုမြို့သည် အဓိကအားဖြင့် လယ်ယာလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကြောင်းသော မြို့ဖြစ်ပြီး နှစ်စဉ် မိုးရာသီရောက်တိုင်း မြို့ခံ နယ်ခံ တောင်သူများအနေဖြင့် စိုက်/ဘဏ် နှင့် မလွှဲမရှောင်သာ ဆက်စပ်  ပတ်သက်ရလေ့ရှိသည်။

ယခု ၂၀၁၃ ခုနှစ်တွင်လည်း စိုက်ပျိုးစရိတ်ချေးငွေထုတ်ရာတွင် ယခင်နှစ်များကဲ့သို့ပင် ဒေသခံတောင်သူ များအနေနှင့် တစ်ဦးလျှင် (၁၀၀၀)နှင့် အထက် စာရွက်စာတမ်းကြေးအမည်ခံ၍ တောင်းခံရယူဖြတ်တောက် မှုများ ရှိနေကြောင်းသိရသည်။